ဒဂုံဆိပ်ကမ်း စက်တင်ဘာ ၁၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ (၉၀)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် (၉၄)ရပ်ကွက်၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတို့တွင် ယမန်နေ့ နံနက်(၁၀)အချိန်မှ စတင်၍ ပြည်သူများ၏ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို လက်ထောက်ညွန်ကြားရေးမှူး ဦးတင်ထွန်းနှင့် အဖွဲ့မှ အဖွဲ့(၂)ဖွဲ့ခွဲ၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာတွင် ပူးတွဲတင်ပြရ မည့် အချက်များ၊ အိမ်ထောင်စုလူဦးရေစာရင်း လျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများ၊ နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူများ လိုက်နာရမည့်အချက်များ၊ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်လျက် အိမ်ထောင်စုစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအတွက် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသအိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသကိုင်ဆောင် လက်မှတ်မရှိသူများ အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်သူများ၏ မရှင်းလင်းသည့် မေးမြန်းချက်များကို ဖြေကြားပေးခဲ့ ကြောင်းနှင့် (၉၀)ရပ်ကွက်တွင် နိုင်(၃)က (၂)ဦး၊ နိုင်(၆)က(၁၀)ဦး စုစုပေါင်း(၁၂)ဦးနှင့် (၉၄)ရပ်ကွက်တွင် ၃(က)(၁၇)ဦး၊ ၆ က(၃)ဦး စုစုပေါင်း(၂၀)ဦးကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် မေလ(၃)ရက်နေ့မှ ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာ(၃)ရက်နေ့အထိ (၁၈)လကြာ ဆောင်ရွက်ပေးမှာဖြစ် ကြောင်းနှင့် ပြည်သူတစ်ဦးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားကို နံပါတ်တစ်ခုထက် ပိုမိုကိုင်ဆောင်ခြင်း၊ အိမ်ထောင်စု လူဦးရေစာရင်းကို လိပ်စာတစ်ခုထက် ပိုမိုကိုင်ဆောင်ထားပါက တည်ဆဲ ဥပဒေနှင့် အညီ အရေးယူခံရနိုင်ကြောင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပန်းခင်းစီမံချက်ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းရှိ (၉၂)ရပ်ကွက်၊ (၈၇)ရပ်ကွက်၊ (၉၀)ရပ်ကွက်နှင့် (၉၄)ရပ်ကွက်တို့တွင် ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကို လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ် ယာယီတာဝန်ခံ ဦးတင်ထွန်း (လက်ထောက် ညွှန်ကြားရေးမှူး) မှ ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
လဲ့လဲ့(ပြန်/ဆက်)