မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၃)ဉီးထပ်မံစစ်ဆေးတွေ့ရှိ၊ စုစုပေါင်း(၃၄၂)ဉီးထိရှိလာ

မိုင်းပျဉ်း စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၃)ဉီးအား ယမန်နေ့၊ ညနေပိုင်းနှင့် ညပိုင်းက ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့၊ အောက်ဈေးတန်းရပ်ကွက်နေ အသက်(၄၇)နှစ်ရှိ အမျိုးသားသည် နှာစေးခြင်း၊ ချောင်း ဆိုးခြင်းနှင့် ဖျားနာခြင်းလက္ခဏာများ ခံစားရသဖြင့် ယမန်နေ့ ညနေ ၆ နာရီက မိုင်းပျဉ်းမြို့အဝင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်၌ RDT Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးခဲ့ရာ ၎င်းထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သဖြင့် ၎င်း၏မိသားစုဝင်(၈)ဉီးအား ဆက်လက်စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုးမတွေ့ရှိ (Negative)ဖြစ်ကြောင်းသိရသည်။

၎င်းသည် လက်တလောကာလအတွင်း အခြားမြို့နယ်များသို့သွားရောက်ခဲ့ခြင်းမရှိကြောင်း၊ မြို့တွင်း သွားလာမှုများသာရှိကြောင်းနှင့် အိမ်ဆောက်ပစ္စည်းဆိုင်ဖွင့်လှစ်ထားကြောင်းသိရပြီး ၎င်းအား မြို့နယ်ပြည် သူ့ဆေးရုံ၌ထားရှိ၍လည်းကောင်း၊ ၎င်း၏မိသားစုဝင်များအား Home Quarantine ထားရှိ၍လည်းကောင်း၊ ထိတွေ့ခဲ့သူများအားဆက်စပ်ရှာဖွေ၍လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် ယမန်နေ့ ညနေ ၆ နာရီခွဲက မိုင်းပျဉ်းမြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ ကိုဗစ် -၁၉ ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်စဉ် FUSO အမျိုးအစား၊ (ဖြူ/ ပြာ)ရောင်၊ ယာဉ်အမှတ်(9P----)ယာဉ်ဖြင့်ရောက်ရှိလာသော အသက်(၆၀)နှစ်ရှိ အမျိုးသား(ယာဉ်မောင်း) ကွန်ဟိန်းမြို့နေသူနှင့် အသက်(၂၆)နှစ်ရှိ အမျိုးသား(ယာဉ်နောက်လိုက်)၊ ကွန်ဟိန်းမြို့နေသူတို့အား RDT Test Kit ဖြင့်စစ်ဆေးရာ ယာဉ်နောက်လိုက်ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။

၎င်းတို့သည် တာချီလိတ်မြို့သို့ ဆီသယ်ယူရန် ယမန်နေ့၊ နေ့လယ် ၁၂ နာရီက ကွန်ဟိန်းမြို့မှ စတင်ထွက်ခွာခဲ့ပြီး လမ်းတစ်လျှောက် ရပ်နားခဲ့ခြင်းမရှိဘဲ ညနေ ၆ နာရီခွဲအချိန်တွင် မိုင်းပျဉ်းမြို့အဝင် စစ်ဆေးရေးဂိတ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ ယာဉ်နောက် လိုက်အား မြို့နယ်ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ ယာဉ်မောင်းအား စွန်မွန်ဘုန်းကြီးကျောင်း Quarantine Center ၌လည်းကောင်း ထားရှိ၍၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ် ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အလားတူ ယမန်နေ့ ည ၇ နာရီက TOYOTA အမျိုးအစား၊ အဖြူရောင်၊ ယာဉ်အမှတ်(9M------)ဖြင့် ရောက်ရှိလာသော အသက်(၂၉)နှစ်ရှိ အမျိုးသား(ယာဉ်မောင်း)၊ ဈေးရပ်ကွက်၊ ကျေးသီးမြို့နေသူနှင့် ယာဉ်ပေါ်ပါ ခရီးသည်(၃)ဉီးတို့အား RTD Test Kit ဖြင့် စစ်ဆေးရာ ယာဉ်မောင်းထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူသည် တာချီလိတ်မြို့သို့ ကုန်ပစ္စည်းများပို့ဆောင်ရန်အတွက် စက်တင်ဘာ ၁၂ ရက်၊ ညနေ ၆ နာရီက လားရှိုးမြို့မှ စတင်ထွက်ခွာခဲ့ပြီး ည ၁၁ နာရီတွင် ဝမ်ပုံမြို့အထွက် သို့ ရောက်ရှိကာ ယာဉ်ပေါ်တွင် ညအိပ်ရပ်နားခဲ့ကြောင်း၊ ယမန်နေ့ နေ့လယ် ၂ နာရီတွင် ကာလိမြို့၊ ဖလမ်းရွာ၌ ခရီးသည်(၃)ဉီးအား တင်ဆောင်ခဲ့ကြောင်းနှင့် ည ၇ နာရီတွင်  မိုင်းပျဉ်းမြို့အဝင် စစ်ဆေးရေး ဂိတ်သို့ရောက်ရှိခဲ့ကြောင်းသိရပြီး ၎င်းအား မြို့နယ်ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ ခရီးသည်(၃)ဉီးအား စွန်မွန်ဘုန်းကြီးကျောင်း Quarantine Center ၌လည်းကောင်း ထားရှိ၍ ကျန်းမာရေးဝန်ကြီးဌာန ၏ ညွှန်ကြားချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လမှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ(၃၄၂)ဉီးအထိ စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေအိမ်ပြန်ခွင့်ရသူ(၂၄၇)ဉီး၊ ဆေးကုသမှုခံယူနေသူ (၉၅)ဉီးနှင့် သေဆုံးလူနာမရှိကြောင်းသိရသည်။