ပုဂံမြို့၌ Covid-19 Relief Package 1 သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပုဂံ သြဂုတ်   ၁၄

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းလျက်ရှိသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ Covid-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) ၄ ပတ်၊ ၈ ရက် သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပုဂံမြို့ဟောင်းရှိ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) (BITC) ဘုတ်ကျောင်းသင်တန်းခန်းမတွင် ကျင်းပပြုလုပ်သည်။ 

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်းကြားမှုဦးစီးဌာန ပုဂံရုံးခွဲ (တာဝန်ခံ) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ ပုဂံဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးသန်းဌေးမှ သင်တန်းဖွင့်ရခြင်း၏  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာတာဝန်ရှိသူများမှ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ Covid-19 Relief Package 1 ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို  ခရီးသွားလုပ်ငန်းတွင် တိုက်ရိုက်ပါဝင်ပတ်သက်ဆက်စပ်လျက်ရှိသော ပုဂံဧည့်လမ်းညွှန်များအသင်းမှ ဝါရင့်ဧည့်လမ်းညွှန်ဆရာများမှ သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး စက်လှေမောင်းသမားများ၊ မြင်းလှည်းမောင်းသမားများ စုစုပေါင်း (၂၀) ဦးတို့ တက်ရောက်ခဲ့ကြသည်။

သင်တန်းကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ (၂) ရက်နှင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့ထိ (၆) ရက် စုစုပေါင်း (၈)ရက်ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းသား (၁) ဦးလျှင် နေ့တွက် (၄၈၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း၊ သင်ကြားရေးဆရာတစ်ဦးလှူလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့်လည်းကောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဖေလိန်း(ပုဂံ)