ရန်ကင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူများ၏ မဲပေး ခွင့်မဆုံးရှုံး၊ မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးခြင်းများဆောင်ရွက်

ရန်ကင်း ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ပထမ အကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာရာသို့ ပြည်သူများ လာရောက် ကြည့်ရှုနိုင်ရန်နှင့် ပြည်သူများ၏ မဲပေးခွင့် မဆုံးရှုံး၊ မကျန်ရှိ စေရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ အမှတ်(၂)၊ (၄)၊ (၉)၊ (၁၃)၊ (၁၄)၊ (၁၅)၊ (၁၆) ရပ်ကွက် များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးများနှင့် အဖွဲ့ဝင် များ ဆယ်အိမ်မှူး၊ ရာအိမ်မှူး များ ပူးပေါင်း၍ အဆိုပါရပ်ကွက်များအတွင်း နေထိုင်သည့် အိမ်ထောင်စုများ အား မဲစာရင်းများ၌ မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ - ၄ ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ ၄-ဂ တို့ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းပြောကြားခြင်းနှင့် မဲစာရင်းများကို လာရောက်ကြည့်ရှု ရန် အသိပေးပြောကြားခဲ့ပြီး မဲစာရင်းမပါသည့် အိမ်ထောင်စုများအား ပုံစံ-၃ နှင့် ဖြည့်စွတ်နိုင်အောင် ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)