မိုင်းနောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား ဒုတိယအကြိမ် ထိုးနှံပေး

မိုင်းနောင် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းတွင် အထကကျောင်းခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ဒုတိယအကြိမ် ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနှံခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ် စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိပြီး လူစုလူဝေးဖြစ်ပေါ်စေခြင်းနှင့် ထိတွေ့မှုများ မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်အလိုက်၊ဦးစားပေးအဆင့်အလိုက်သတ်မှတ်၍ ထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးထိုးပြီးပါက နာရီဝက်စောင့်ဆိုင်းစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးစာရေး ဝန်ထမ်းများက လာရောက် ကူညီဆောင်ရွက်ပေး၍ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး မှတ်တမ်းများကို တစ်ဦးချင်းစီ ပေးအပ်ခဲ့သည်။

မနန်း(မိုင်းနောင်)