မောင်တော စက်တင်ဘာ ၁၃
ရခိုင်ပြည်နယ် မောင်တောမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင် ဦးဆောင်ကြီးကြပ်၍ ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စက်တင်ဘာ ၁၂ ရက်နေ့တွင် ပန်းခင်းစီမံချက်ဖြင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ မြေပြင် ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောခရိုင်/ မြို့နယ်ရုံးများရှိ ဝန်ထမ်းများက အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင် ၊ မိသားစုဝင်များ လူဦးရေ (၄၁)ဦးနှင့် အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ရင်းမှ တပ်ဖွဲ့ဝင်၊ မိသားစုဝင်များ လူဦးရေ(၂၆)ဦး စုစုပေါင်းလူဦးရေ (၆၇)ဦးအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် အသက်(၁၀)နှစ်ပြည့်၊ အသက်(၁၈) နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား များပြုလုပ်ပေးခြင်း ၊ မှတ်ပုံတင်လဲလှယ်ပေးခြင်း ၊ ပျောက်ဆုံး/ ပျက်စီးသူများကို မိတ္တူပြုလုပ်ပေးခြင်းတို့ကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကပ်ပြားများကို မောင်တောမြို့နယ်အတွင်းရှိ လူဦးရေ (၁၀၄၉)ဦးနှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ လူဦးရေ(၂၆၃၄)ဦး ၊ မောင်တောခရိုင်အတွင်း စုစုပေါင်း လူဦးရေ(၃၆၈၃)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား များကိုလည်း ဆက်လက်ပြုလုပ် ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး