မိုးမိတ် စက်တင်ဘာ ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီ အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဒုတိယဦးစီးမှူး ဦးရဲဇော်ဦးနှင့် ဝန်ထမ်းများက ကုန်စိမ်းနှင့် သားငါးယာယီဈေး၊ ဟော်နန်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ တောင်ပိုင်းရပ်ကွက် တို့တွင် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ နှာခေါင်းစည်း (Mask) များ အခမဲ့ ဖြန့်ဝေခြင်းနှင့် ကိုဗစ် - ၁၉ ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ခြင်းဖြင့် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိတို့အိမ်တွင် ပြင်ပမှလာသော ဧည့်သည်များ လက်မခံကြရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြပါ ရန်၊ ရောဂါပိုးရှိသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက် မကွက် ဆေးကုသမှုခံယူကြပါရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ် တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်နှင့် ကိုဗစ် - ၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမှ လျောနည်းပပျောက်လာစေရန်အတွက် ရည်ရွယ်၍ လုပ်ဆောင်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ သိရသည်။
မိုးမိတ်သား(စည်သူဌေး)