မိုင်းယောင်း စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို ရှမ်းဘာသာ၊ မြန်မာဘာသာများဖြင့် ရပ်ကွက်နှင့် ကျေးရွာများအရောက် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ပါ၊ အိမ်တွင် ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝမပြုပါနှင့်၊ အိမ်တွင် အသက် ၆၅ နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူ (သို့မဟုတ်) ဆီးချို၊ သွေးချို၊ နှလုံး စသည့် နာတာရှည်ရောဂါတစ်ခုခု ခံစားနေရသူရှိပါက ထိုသူအား ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို တပ်ဆင်ထားစေပါ၊ လေဝင်လေထွက်ကောင်းသည့်နေရာတွင် နေစေပါ၊ မဖြစ်မနေ အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို မဖြစ်မနေတပ်ဆင်ပါ၊ လက်ကို စနစ်တကျ ဆေးကြောပါ၊ အခြားသူများနှင့် ခြောက်ပေအကွာ ခပ်ခွာခွာနေပါ၊ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ လူစုလူဝေး လုံးဝရှောင်ကြဉ်ပါ၊ ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ ဈေးဝယ်ယူပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်းမရှိသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်၊ အပြင်ထွက်ရာမှ အိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ရောဂါပိုးများ သယ်ဆောင်လာခြင်း မရှိစေရန် သတိပြုပါ၊ အသုံးပြုပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း(Mask)နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ၊ အဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ အလှည့်ကျရရှိသော ကာကွယ်ဆေးသည် မိမိအတွက် အကောင်းဆုံးဖြစ်၍ ကာကွယ်ဆေးထိုးနှံခြင်းကို အကြိမ်ပြည့်ခံယူပါ စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။