တောင်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ ကျောင်းသားများ အား ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ (အခမဲ့)စစ်ဆေးပေး

တောင်ကြီး စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များ၊ ကျောင်းသားများအား (RTD) Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးပေးခြင်း ဆောင်ရွက်မှုကို ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် သွားရောက်စစ်ဆေးပေး ခဲ့ကြကြောင်း သိရသည်။

ထိုသို့သွားရောက်စစ်ဆေးပေးရာတွင် နမ့်ဆီးအုပ်စု ကံ့ကော်ဘုန်းတော်ကြီးကျောင်းမှ သံဃာ(၂၀)ပါး၊ ကျောင်းသား(၃)ဦးတို့အား လည်းကောင်း၊ လွယ်တော်အုပ်စု ထီလိတ် ဘုန်းတော်ကြီးကျောင်းမှ သံဃာ(၇၇)ပါး ကျောင်းသား(၅)ဦး စုစုပေါင်း သံဃာ(၉၇)ပါးနှင့် ကျောင်းသား(၈)ဦး တို့အား  (RTD) Test Kit ဖြင့် စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံရသည့် သံဃာတော်နှင့် ကျောင်းသားများ မရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်မှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး လုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သံဃာတော်များ သီလရှင်များ၊ ကျောင်းသားများအား (RTD) Test Kit ဖြင့် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက် ပေးခဲ့ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကူညီ ဆောင်ရွက် ပေးခဲ့ကြကြောင်း၊ ကျန်ရှိနေသည့် ဘုန်းတော်ကြီးကျောင်းများကိုလည်း ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးစိုး(ပြန်/ဆက်)