မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ(၇)ဦး ထပ်မံစစ်ဆေးတွေ့ရှိ၊ စုစုပေါင်း (၃၃၆)ဦးရှိလာ

 

မိုင်းပျဉ်း စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ(၇)ဦး အား ယနေ့တွင် ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရသည်။

ယနေ့နံနက် ၆ နာရီခွဲအချိန်တွင် မိုင်းပျဉ်းမြို့အဝင်၊ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးစဉ် CANTER အမျိုးအစား အဖြူရောင်၊ ယာဉ်အမှတ်(6L-----)ဖြင့် ရောက်ရှိလာသော အသက်(၄၂)နှစ်ရှိ အမျိုးသား(ယာဉ်မောင်း)၊ ဆမ်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့ နေသူနှင့် အသက်(၂၀)နှစ်ရှိ အမျိုးသမီး (ခရီးသည်)ယမ်းလူးရပ်ကွက်၊ ကျိုင်းတုံမြို့နေသူတို့အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ ယာဉ်မောင်းထံတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။

၎င်းတို့သည် တာချီလိတ်မြို့သို့ သွားရောက်ရန် ယမန်နေ့၊ နံနက် ၇ နာရီက တောင်ကြီးမြို့မှ စတင် ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ည ၉ နာရီအချိန်တွင် မိုင်းပျဉ်းမြို့အဝင်သို့ရောက်ရှိကာ ယာဉ်ပေါ်တွင် ညအိပ်ရပ်နား ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့ နံနက် ၆ နာရီခွဲအချိန်တွင် မြို့အဝင် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်သို့ ရောက်ရှိ  ကာ ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့သော ယာဉ်မောင်းအား မြို့နယ်ပြည်သူ့ဆေးရုံ၌ ထားရှိ ၍လည်းကောင်း၊ ခရီးသည်အား စွန်မွန်ဘုန်းကြီးကျောင်း၊ Quarantine Center တွင် ထားရှိ၍လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ညွှန်ကြားချက်များနှင့်အညီကျန်းမာရေးစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းကျေးရွာအုပ်စု၊ ဝမ်ပေါ်ကျေးရွာနှင့် ဝမ်ကတ်ကျေးရွာ တို့တွင် နေထိုင်သည့် ကိုဗစ်-၁၉ ရောဂါသံသယရှိသူများအား မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီမှ နေ့လယ် ၁၂ နာရီအထိ RDT Test Kit ဖြင့် သွားရောက်စစ်ဆေးပေးခဲ့ရာ အသက်(၆၅) နှစ်နှင့် အသက် (၅၇)နှစ်ရှိ အမျိုးသား(၂)ဦး၊ အသက်(၄၉)နှစ်နှင့် အသက်(၂၃)နှစ်ရှိ အမျိုးသမီး(၂)ဦး၊ အသက်(၃)နှစ်နှင့် အသက်(၉)နှစ် အရွယ် ကလေး(မ)(၂)ဦး၊ ပေါင်း(၆)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူများအား ဆင်မောင်းကျေးရွာအုပ်စု၊ ဝမ်ကတ် ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ Positive Center၌ ထားရှိ၍လည်းကောင်း၊ ၎င်းတို့၏ မိသားစုဝင်များ၊ ထိတွေ့ခဲ့သူများအား အသွားအလာ ကန့်သတ်ကာ နေအိမ်တွင် Home Qrarantine ထားရှိ၍လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ကျန်းမာရေးစစ်ဆေးဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

မိုင်းပျဉ်းမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လမှ ယနေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ(၃၃၆)ဦးအထိ စစ်ဆေးတွေ့ရှိပြီး ကျန်းမာရေးကောင်းမွန်၍ နေအိမ်ပြန်ခွင့်ရသူ(၂၄၇)ဦး၊ ဆေးကုသမှု ခံယူနေသူ (၈၉)ဦးနှင့် သေဆုံးလူနာမရှိကြောင်းသိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)