မိုင်းတုံမြို့ ၌ ဆွမ်းဆန်စိမ်း၊ ဆီ၊ ကုလားပဲ၊ ဆား ဆက်ကပ်လှူဒါန်း

မိုင်းတုံ  စက်တင်ဘာ  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတိုက်(၄)တိုက်အားဆွမ်းဆန်စိမ်း၊ဆီ၊ပဲ၊ဆားတို့ကို ယနေ့နံနက်(၉)နာရီခွဲက ဥယျာဉ်ကျောင်းတိုက်တွင် လှူဒါန်းပွဲအခမ်းအနားကျင်ပခဲ့သည်။

ရှေးဦးစွာ ဧည့်ပရိတ်သတ်အပေါင်းတို့မှ " နမောသဿ" သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး ဦးအောင်ဇေယျ ကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တပညာဒီပ ထံမှ ငါးပါးသီလခံယူပြီး ဆရာတော်သံဃာ တော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်တော်မူခဲ့သည်။

ဆက်လက်၍ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးဇော်မင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြား ရေးမှူး ဦးစောလွင်မိုးတို့က ဆွမ်းဆန်စိမ်း၊ ဆီ၊ ကုလားပဲ၊ ဆားနှင့် လှူဖွယ်ပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ဆရာတော် ဘဒ္ဒန္တပညာဒီပထံမှ ရေစက်ချအနုမောဒနာ တရားနာယူကာ  ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ထို့နောက် ဧည့်ပရိတ်သတ်အပေါင်းတို့မှ ဩကာသဆုတောင်းချိုးဖြင့်ပြန်လည်ကန်တော့ပြီး ဗုဒ္ဓ သာသနာစီရံတိဋတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုပိတ်သိမ်းခဲ့သည်။

ထိုသို့လှူဒါန်းရာတွင်ပိဋကတ်ကျောင်းတိုက်အတွက် ဆန်(၆)အိတ်၊ ဆီ(၅)ပိဿာ၊ ကုလားပဲ (၈)ပိဿာ၊ ဆား(၇)ပိဿာ၊ ဥယျာဉ်ကျောင်းတိုက်အတွက် ဆန်(၄)အိတ်၊ ဆီ(၄)ပိဿာ၊ ကုလားပဲ(၇)ပိဿာ၊ ဆား(၆)ပိဿာ၊ ရွှေစေတီကျောင်းတိုက်အတွက် ဆန်(၃)အိတ်၊ ဆီ(၃)ပိဿာ၊ ကုလားပဲ(၇)ပိဿာ၊ ဆား (၆)ပိဿာ၊ ဦးအောင်ဇေယျကျောင်းတိုက်အတွက် ဆန်(၃)အိတ်၊ ဆီ(၃)ပိဿာ၊ ကုလားပဲ(၇)ပိဿာ၊ ဆား (၆)ပိဿာ တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။  

ဝင်းဝင်းခိုင်