ကျောက်ဖြူ စက်တင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခဲ့သူများကို ယနေ့ နံနက် ၉ နာရီက အမှတ်(၃)၊ အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒကူးခန်းမတွင် သတ်မှတ် ပေးထားသည့်နေ့ရက်များအလိုက် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသည့် ရဟန်းသံဃာတော်များ၊ ဘိုး/ဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ပြည်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကိုထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတင်အောင်ကျော်နှင့် ဌာနဆိုင်ရာတာဝန် ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို အားပေးစကားများ ပြော ကြားခဲ့သည်။
ကျောက်ဖြူမြို့နယ်၌ အဆိုပါကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် သြဂုတ်လ(၁)ရက်နေ့တွင် စတင်ထိုးနှံပေးထားပြီးဖြစ်ကာ ဒုတိယအကြိမ်အဖြစ် သြဂုတ်လ(၂၉) ရက်နေ့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၁၀ ရက်နေ့အထိ ဒုတိယအကြိမ်မြောက်ကာကွယ် ဆေးလာရောက်ထိုးနှံသူ ၄၈၅၀ ဦးအား ပြည်လည်ထိုးနှံပေးထားပြီးဖြစ်ကာ ယနေ့ စက်တင်လာလ ၁၁ ရက်နေ့တွင်လည်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ရဟန်းသံဃာတော်များ၊ သက်ကြီး ဘိုး/ဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများကို သတ်မှတ်နေ့ရက်များအလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး( ပြန်/ဆက်)