နမ္မတူ စက်တင်ဘာ-၁၁ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် သံဃာတော် ၂၅ပါးနှင့်အထက် စာသင်တိုက်/ ကျောင်းတိုက်များတွင် သီတင်းသုံးလျက်ရှိသည့် သံဃာတော်များ၊ သာမဏေများနှင့် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီအချိန်ခန့်တွင် နမ္မတူမြို့နယ်၊ ပန်ဟိုက် (၁)ရပ်ကွက်ရှိ ရွှေမြင်သာဘုန်းတော်ကြီး ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထို့သို့စစ်ဆေးဆောင်ရွက်ရာတွင် ရွှေမြင်သာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးလျက် ရှိသည့် သံဃာတော်၊ သာမဏေ ၉၁ပါးနှင့် သီလရှင် ၂ပါး စုစုပေါင်း ၉၃ပါးအား Swab ရယူ၍ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ သံဃာတော်နှင့် သာမဏေ ၄၆ပါးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံမှတာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးဆောင်ရွက်ခြင်းကို စက်တင်ဘာလ (၁၂)ရက်နေ့တွင် ရွှေတောင်ကျောင်းတိုက်နှင့် မြို့လယ်ကျောင်းတိုက်သို့လည်းကောင်း၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ဝေယျာဝိစ္စကျောင်းတိုက်နှင့် တုန်ဟုန်းခမ်းကျောင်းတိုက်သို့ လည်းကောင်း၊ စက်တင်ဘာလ (၁၄)ရက်နေ့တွင် ပုဗ္ဗာရုံ ကျောင်းတိုက်၊ ပညာလင်္ကာရကျောင်းတိုက်နှင့် မန်စံကျေးရွာရှိ ရွှေစကားဝါသုခဗလကျောင်းတိုက်သို့လည်းကောင်း၊ စက်တင်ဘာလ (၁၅)ရက်နေ့တွင် မိုင်းမုကျေးရွာရှိ မိုင်းမုကျောင်းတိုက်သို့လည်းကောင်း၊ စက်တင်ဘာလ (၁၆)ရက်နေ့တွင် မိုင်းရင်ကျေးရွာရှိ ဇေယျသုခကျောင်းတိုက်သို့လည်းကောင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက သိရသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့နံနက်ပိုင်းအချိန်ထိ ကိုဗစ်-၁၉ပိုးတွေ့ရှိသူ ၄၇၀ဦး ရှိပြီး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၃၀၈ဦးရှိကာ၊ ၁၄ဦး သေဆုံးခဲ့ပြီး၊ ဆေးကုသဆဲပိုးတွေ့လူနာ ၁၄၈ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
လူမော် (ပြန်/ဆက်)