ရွာငံမြို့နယ်၌ အရင်းနည်းပြီးတွက်ချေကိုက် ပန်းတိမ်ငိုပန်းများကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာ

ရွာငံ   ဩဂုတ် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင်တောင်သူများ အရင်းနည်းပြီး တွက်ခြေကိုက်သည့် ပန်းတိမ်ငိုပန်းများကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုး လာကြကြောင်း သိရသည်။

စပါး၊ လိမ္မော်၊ လက်ဖက်၊ ကော်ဖီ၊ ပန်းမုံလာ၊ ဂေါ်ဖီထုတ်၊ ခရမ်းချဉ်၊ ငရုတ်၊ မုံညှင်း စသည့် စိုက်ပျိုးသီးနှံများကို စ်ပိုင်တစ်နိုင်မှစ၍ စီးပွားဖြစ်စိုက်ပျိုးကြသော်လည်း ပန်းတိမ်ငိုပန်းစိုက်ပျိုးခြင်း သည် အရင်းနည်းပြီး တွက်ချေကိုက်သောကြောင့် ရွာငံမြို့နယ်နေရာအနှံ့နီးပါးတွင် အဓိကဦးစားပေး စိုက်ပျိုးလာကြကြောင်း၊ ပန်းတိမ်ငိုပန်းမျိုးမှာ အကြီးမျိုးနှင့်အသေးမျိုး နှစ်မျိုးရှိပြီး ယခင်ကအသေးမျိုးများကို စိုက်ပျိုးကြသော်လည်း ယခုနောက်ပိုင်းတွင် ဈေးကွက်ဝင် အကြီးမျိုးများကိုသာ များစွာစိုက်ပျိုးလာကြကြောင်း၊ တစ်ဧကတွင် ပန်းတိမ်ငိုပန်းမျိုးဥ ပိဿာ(၅၀၀) မှ(၆၀၀) အထိစိုက်ပျိုးပြီး စတင် စိုက်ပျိုးသည့် ပထမနှစ် တွင် ရောင်းတမ်းဝင်စံချိန်မီအပင်များ မရရှိသေးဘဲ အကျိုးအမြတ်အနေဖြင့် အနည်းငယ်သာ ရရှိကြောင်း၊ ဒုတိယနှစ်တွင် အထွေအထူး ပြုပြင်စရာမလိုဘဲ လက်ရှိနေရာမှ အပင် ဟောင်း အဖြစ် သန်သန်မာမာ ထွက်ရှိလာကာ အကုန်ကျနည်းပြီး အမြတ်များမည့်နှစ်ဖြစ်ကြောင်း၊ ဈေးကွက်ဝင် ပန်းတိမ်ငို ပန်း(၁၀)ပင် တစ်စည်းလျှင် (၅၀၀)ကျပ်မှ (၆၀၀)ကျပ် ဝန်းကျင်ရောင်းချရပြီး တန်ခူး၊ ကဆုန်မှစ၍ တန်ဆောင်မုန်းလ အထိ အကြိမ်ကြိမ် ခုတ်ရသောကြောင့် ဈေးကွက်သာ ပုံမှန်ဖြစ်ပါက တစ်ဧက လျှင် ငွေကျပ် သိန်း(၅၀)နှင့်အထက် မျှော်မှန်းလို့ ရရှိနိုင်ကြောင်းလည်း သိရှိရသည်။

ရွာငံမြို့နယ်ထွက် ပန်းတိမ်ငိုပန်းများကို ပြည်တွင်းဈေးကွက်များဖြစ်သော ဒေသတွင်းသာမက ရန်ကုန်၊ မော်လမြိုင်၊ မန္တလေး၊နေပြည်တော်စသည့် နေရာအနှံ့အပြားသို့  တင်ပို့ရောင်းချလျက်ရှိကြကြောင်း၊ အရင်းနည်းပြီး တွက်ချေကိုက်သည့် ပန်းတိမ်ငိုပန်းမျိုးများကို တောင်သူများ ကျယ်ကျယ် ပြန့်ပြန့် စိုက်ပျိုးလာကြကြောင်း သိရသည်။

ရွာငံ  (မြို့နယ်ပြန်/ဆက်)