သီပေါ သြဂုတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကလေးသူငယ်အခွင့်များဆိုင်ရာ ကော်မတီ (TCRC)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့နယ် ကလေးသူငယ်အခွင့်အရေး ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ကလေးသူငယ်များသည် နိုင်ငံတော်၏ အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ်များ၊ ရတနာများပင်ဖြစ်ပါကြောင်း၊ ကလေးသူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပံ့ပိုး ကူညီဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် သီပေါမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းသွယ်က ကလေးသူငယ် များ အတွက် ၎င်းတို့ဌာနမှ ဆောင်ရွက်ပေးနေမှုများ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ပူးပေါင်း၍ဆောင်ရွက်သွားမည့် အသိပညာပေး လုပ်ငန်းများ၊ ကလေးသူငယ်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ သီပေါမြို့နယ် ကလေးသူငယ်အခွင့်အရေးများကော်မတီ အဖွဲ့ဝင်များက ကလေးသူငယ် များ ၏ အခွင့်အရေး အခြေအနေ၊ လေ့လာဆန်းစစ်ချက်များနှင့် ပတ်သက်သည့် ဆောင်ရွက်နေမှုများ၊ မိဘများ၏ အခန်းကဏ္ဍများကို သုံးသပ်အကြံပြု ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)