ဗန်းမော် စက်တင်ဘာ ၈
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် နိုင်ငံသားအရည်အချင်း ပြည်မီသူတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးရရှိနိုင်ရေး ရည်ရွယ်၍ “ပန်းခင်း’’ စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ အခမဲ့ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီကစ၍ ဆင်ကုန်းရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ ပြုလုပ်ဆောင်ရွက်ပေးသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဗန်းမော်မြို့နယ်ဦးစီးမှူးရုံးမှ အဖွဲ့ (၅) ဖွဲ့ ခွဲကာ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပန်းခင်းစီမံချက်အရ ဗန်းမော်မြို့တွင် ရွှေပြည်သာရပ်ကွက်၊ မင်းကုန်းရပ်ကွက်၊ ရွှေကျီးနားရပ်ကွက်၊ ပေါက်ကုန်းရပ်ကွက်၊ အောင်သာရပ်ကွက်၊ ဆင်ကုန်း ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အသက်(၁၀)နှစ်ပြည့် ကျား(၂၈)ဦး၊ မ(၁၆)ဦး အသက် (၁၈)နှစ်ပြည့် ကျား(၉)ဦး၊ မ(၄)ဦး စုစုပေါင်း (၅၇)ဦးတို့ကို ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။
ထို့သို့အဖွဲ့ခွဲကာ ကွင်းဆင်း ဆောင်ရွက်လျက်ရှိသည့် နေရာများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဉီးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်ကျော်နှင့် မြို့နယ်ဦးစီးမှူး ဉီးစီးအရာရှိ ဦးဘောက်နော်တို့က လှည့်လည်၍ ကြီးကြပ်ဆောင်ရွက် လျှက်ရှိပြီး ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်များသို့လည်း ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြသက်(ပြန်/ဆက်)