ကျောက်ဆည် စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ကိုင်လျက် ရှိသော တောင်သူများအနေဖြင့် ဆည်ရေသောက် မြေများသောကြောင့် ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ယာမြေများနှင့် ကိုင်းကျွန်းမြေများတွင် ကြက်သွန်၊ ငရုပ်၊ ဝါ၊ ငှက်ပျော၊ နနွင်း၊ ဆီထွက်သီးနှံမျိုးစုံနှင့် ပဲမျိုးစုံစိုက်ပျိုးကြပြီး ကတဲကျေးရွာအုပ်စု၊ ကြက်ဆင် ကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိကြောင်း သိရှိရသည်။
နနွင်းစိုက်ပျိုးမည်ဆိုပါက မြေကို စိတ်ကြိုက်ပြုပြင်ပြီး အကျယ်(၃)ပေ၊ အမြင့်(၁)ပေခွဲခန့် မြေဘောင်များ ပြုလုပ်ကာစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးစိုက်ပျိုးခြင်းနှင့် နနွင်းအတက် မျိုးစိုက်ပျိုးခြင်းဟူ၍ (၂)မျိုးရှိရာ နနွင်းခေါင်းမျိုးစိုက်ပျိုးပါက တစ်ဧကကုန်ချိန် (၅၀၀)ပိဿာခန့် စိုက်ပျိုးရပြီး၊ နနွင်းအတက်မျိုးစိုက်ပျိုးပါက ကုန်ချိန်(၆၀၀)ပိဿာခန့် စိုက်ပျိုးရကြောင်း စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅)လက်မအကွာ စိုက်ပျိုးရကြောင်း၊ နနွင်းသည်မြေထဲတွင် အတက်ပွားသည့် သီးနှံဖြစ်သောကြောင့် မြေအစိုဓာတ် ရရှိစေရန် ရေသွင်းပေးရကြောင်း သိရှိရသည်။
နနွင်းစိုက်ပျိုးရာတွင် စိုက်ပျိုးပြီး(၄)လခန့်တွင် နနွင်းအပွင့်များစတင်ပွင့်ပြီး ဈေးကွက်တွင် ရောင်းချပါက နနွင်းတစ်ဧကတွင် ငွေကျပ်(၅)သောင်းခန့်ရကြောင်း၊ (၈)လကျော်တွင် နနွင်းများ တူးဖော်ရကြောင်း၊ တူးဖော်ရာ၌ တစ်ဧကတွင် နနွင်းအတက်အစို အချိန်(၃,၇၀၀)ပိဿာမှ (၄၀၀၀)ပိဿာ ထွက်ရှိကြောင်း၊ နနွင်းများကို ပြုတ်ပြီးအခြောက်လှန်းပါက ကုန်ချိန်(၈၀၀) ပိဿာမှ(၁၀၀၀)ပိဿာ ခန့်ရရှိကြေင်းနှင့် ကျောက်ဆည်မြို့နယ်တွင် နနွင်းစိုက်ဧက(၉၈၀)ဧက စိုက်ပျိုးထားရှိကြေင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)