မိုင်းခုတ် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခုတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်း များကို ဌာနဆိုင်ရာများနှင့် ပြည်သူများက အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုင်းခုတ်မြို့တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ ဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေး၊ ရပ်တပ်ဖွဲ့၊ ပြန်/ဆက်၊ စိုက်ပျိုးရေး၊ မီးသတ်နှင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများပါဝင်၍ မြို့အဝင်ရှိ (နောင်တုံ)ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်နှင့် ကျိုင်းတုံ-မိုင်းခုတ်လမ်းရှိ ဝမ်ကောင်းကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်တို့ ထားရှိပြီး ခရီးသွား ရာဇဝင်များ မေးမြန်းကောက်ခံခြင်း အပါအဝင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် နေ့ရက်အလိုက် တာဝန်ကျဝန်ထမ်းများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ နေ့စဉ် စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး ရောဂါဖြစ်ပွားရာဒေသနှင့် Stay At Home မြို့နယ်များမှ ဝင်ရောက်လာသူများအား သီးခြားထားရှိကာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကို ဌာနဆိုင်ရာ များက လှည့်လည်နှိုးဆော်လျက်ရှိသည့်အပြင် သက်ဆိုင်ရာ ရပ်/ကျေးစီမံအုပ်ချုပ်ရေးမှူးများက ယင်းတို့၏အစီအစဉ်ဖြင့် နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ရှမ်းဘာသာစကားများဖြင့် ထပ်ဆင့် လှည့်လည် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
အားချာ