အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ရွေ့လျား ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးအဖွဲ့မှ ပြည်သူများအား ကိုဗစ်-၁၉ရော ဂါပိုးရှိ/မရှိ အခမဲ့စစ်ဆေးပေး

မန္တလေး စက်တင်ဘာ ၈

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး‌ဦးစီးဌာနမှ ရွေ့လျား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးအဖွဲ့သည် မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အခမဲ့ စစ်ဆေးပေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီ ကလည်း အမရဌာနီ အရှေ့ရပ်ကွက်၊ ၉ လမ်း၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြားရှိ ဆရာစံဈေးရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြု ဆရာမကြီး ဒေါ်နော်စန်းစန်းဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ဆရာစံဈေးရှိ ဈေးသူ/‌ဈေးသားများနှင့် ဈေးဝယ်လာပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ စစ်ဆေးခြင်းများ ဆောင်ရွက်ပေးကြရာ ရောဂါပိုးတွေ့ရှိသူ မရှိကြောင်းသိရသည်။

အဆိုပါစစ်ဆေးပေးရာ နေရာ၌ မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနမှ ဦးစီးအရာရှိ ဦးအောင်သန်းဦးနှင့် တာဝန်ရှိသူများ၊ အမရဌာနီ အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦရန်ကင်း၊ အမရဌာနီ အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်း၊ ဆရာစံဈေးတာဝန်ခံ ဦးရဲမင်းနှင့် ဝန်ထမ်းများ၊ ဌာနီ‌ရှေ့လူမှုကယ်ဆယ်ရေး အသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း၍ လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြပြီး ဈေးသူ‌/ဈေးသားများနှင့် ဈေးဝယ်လာ ပြည်သူများအား နှာခေါင်းစည်း (Mask)များနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ပေးဝေခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး (အောင်စံ)