အလုံ ဩဂုတ် ၁၄
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများပြည့်စုံမှန်ကန်ရေးနှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံ မှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့နှင့် အလုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ ၊ အလုံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲနှင့် ရွေးကောက်ပွဲတွင်ပါဝင်ဆောင်ရွက်နေသော ဌာနဆိုင်ရာများ ပေါင်းစပ် ညှိနှိုင်း တွေ့ဆုံပွဲကို ယနေ့နံနက် (၁၀) နာရီက အလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှ မဲဆန္ဒရှင်စာရင်းများ မှန်ကန်တိကျရေး အတွက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်ရေး ပံ့ပိုးကူညီရေးအဖွဲ့ကို ဖွဲ့စည်းပြီးပြီ ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံပွဲတွင်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများဆောင်ရွက်နေရသော ဌာနများအနေဖြင့် တွေ့ကြုံနေရတဲ့ အခက်အခဲ များ၊ လိုအပ်ချက်များကို ပံ့ပိုးကူညီပေးရန်အတွက် ဆွေးနွေးတင်ပြကြရန် လွတ်လပ် ၍ တရားမျှတသော၊ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် ရမည့်လုပ်ငန်းများကို လမ်းညွှန်ဆွေးနွေးပြောကြား ခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်မှ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ကူညီဆောင်ရွက် ပေးနေမှုနှင့် လက်ရှိအခြေအနေများကို လည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှဝင်းက မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်ရေး အတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ မဲရုံများဆောင်ရွက်နေမှု အခြေအနေနှင့် လိုအပ်ချက်များကို တောင်းဆို တင်ပြခြင်း များကိုဆောင်ရွက်ခဲ့သည်။
ထို့နောက် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှ ဖြည့်စွက်ဆွေးနွေးခြင်း၊ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ တိုင်းဦးစီးမှူးက အခက်အခဲများကို ကျော်လွှား ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆွေးနွေး ခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခြင်း၊ လမ်းညွှန်အမှာစကား ပြောကြားခြင်း များကို ဆောင်ရွက်ခဲ့ကာ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်းသိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ အလုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒရှင် စာရင်း ပြည့်စုံမှန်ကန်ရေး ပံ့ပိုးကူညီရေး အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
တင်တင်ချို ပြန်/ဆက်