နမ့်ဆန်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်မြင့် ဆောင်ရွက်

နမ့်ဆန် မတ် ၂၃

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍  ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းကို အရှိန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအကြား ကူးစက်ပြန့်ပွားမှု မရှိစေ ရေး၊ မိမိကျေးရွာ ရပ်ကွက်များတွင် အခြားဒေသမှ ဝင်ရောက်လာသူများ ရှိပါက စောင့်ကြပ်ကြည့်ရှုမှု၍ သံသယရောဂါ လက္ခဏာတစ်ခုခု တွေ့ရှိပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် တာဝန်ရှိသူများထံ အချိန်မီ တင်ပြပေးရေး၊ လက်ကိုစနစ်တကျ ဆေးကြောသန့်စင်ပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကြိုတင် ကကွယ်ကြရန် စသည့်ကျန်းမာရေး အသိပညာများကို အရှိန်မြှင့် ဆောင်ရွက် လျက်ရှိပြီး ကျန်းမာရေး လက်ကမ်းစာစောင်များ ဝေငှပေးခြင်း၊ နံရံကပ်ပိုစတာများ ကပ်ထားခြင်း စသည့် အသိပညာပေး လုပ်ငန်းကို အရှိန်မြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့နှင့် ကျေးရွာကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ ကျေးရွာများတွင်လည်း အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ထံမှ သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)