စစ်တွေမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(IDPs)များတွင် ခိုလှုံနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး

စစ်တွေ  စက်တင်ဘာ ၇

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(IDPs)များတွင် ခိုလှုံနေကြသည့် အသက်(၄၅)နှစ်အထက်ပြည်သူများနှင့် ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများအား ယနေ့နံနက်ပိုင်းက ဘောဒူဖကျေးရွာအခြေခံပညာမူလတန်း(လွန်)ကျောင်းနှင့် ဘောဒူဖ(၁)နေရပ် စွန့်ခွာစခန်း(IDPs)များ၌ ပထမအကြိမ် Sinovac ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံ ပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာဆေးထိုးနှံခြင်းဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများနှင့် စစ်တွေတပ်နယ်မှ ဆေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာ ပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးကြခြင်း ဖြစ်ကာဆေးထိုးနှံပြီး နောက်တွင်လည်း မိနစ် ၃၀ အကြာစောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာ ခွင့်ပြု ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့်စပ်လျဉ်း၍ ခေါင်းဒုက္ကာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောလှ  (ဦးရော်ဖီး)က “ဒီနေ့ ကျွန်တော်တို့ ဘောဒူဖကျေးရွာ အခြေခံပညာ မူလတန်း (လွန်) ကျောင်းနဲ့ ဘောဒူဖ(၁) နေရပ်စွန့်ခွာ စခန်း (IDPs)နှစ်ခုမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို လူဦးရေ ၆၀၀ အတွက် ထိုးနှံပေးဖို့ စီစဉ်ထားပါတယ်။ ကျေးရွာစာသင်ကျောင်းမှာ လူဦးရေ ၃၀၀ နဲ့ ဘောဒူဖ(၁) စခန်းမှာ လူဦးရေ ၃၀၀ ထိုးနှံပေးဖို့ စီစဉ်ထားပါတယ်။ ဆေးထိုးဖို့ လာရောက်တဲ့လူအရေအတွက် အပေါ်မူတည်ပြီးတော့ ထိုးနှံပေးဖို့စီစဉ်ထားပါတယ်၊ အခုလိုမျိုးပေါ့ ကာကွယ်ဆေးတွေကို ကျွန်တော်တို့ စခန်းတွေ၊ ကျေးရွာတွေထိလာပြီးတော့ ထိုးနှံပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ တပ်မတော်က ဆေးဝန်ထမ်းတွေနဲ့ ကာကွယ်ဆေးထိုးနှံနိုင်ဖို့ စီစဉ်ပေးတဲ့ နိုင်ငံတော်အစိုးရကို လည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်”ဟုပြောသည်။

ကာကွယ်ဆေးထိုးနှံရန်လာရောက်ကြသော သက်ကြီးရွယ်အိုများအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ IDPs  စခန်းတာဝန်ခံများ၊ တာဝန်ရှိသူများက  လိုအပ်သောကိစ္စများကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည်။

စစ်တွေမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း (IDPs)များတွင် အသက်(၄၅)နှစ် နှင့်အထက် ပြည်သူများအား Sinovac ကိုဗစ်-၁၉‌ရောဂါ ကာကွယ်ဆေးကို ဩဂုတ်လ ၂၈ မှ စတင်ပြီး ထိုးနှံပေး လျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများနှင့်IDPs စခန်းများမှ ပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် Sinovac ကာကွယ် ဆေးအလုံးရေ ၅၀၀၀၀ ကို ပြည်ထောင်စု အစိုးရအဖွဲ့မှ သီးသန့်ခွဲဝေချပေးထားပြီးဖြစ်ကြောင်းသိရသည်။

တင်ထွန်း၊ ကံထွန်း(ဟံတာမြေ)