နမ့်ခမ်း သြဂုတ် ၁၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ ကွန်လုံကျေးရွာအနီးရှိ နမ့်မချောင်းကူး ဘေလီတံတားပေါ်၌ မော်တော်ယာဥ်တစ်စီး မတော်တဆ ဘီးကျွံကျမှုဖြစ်ပွားခဲ့ရာ ပျက်စီးသွားသည့် အဆိုပါတံတားအပိုင်းအား သြဂုတ်လ(၁၃)ရက်နေ့တွင် နေ့ချင်းပြီးပြုပြင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့ နှင့် ကချင်ပြည်နယ်၊ ဗန်းမော်မြို့တို့ ဆက်သွယ်သည့် ပြည်ထောင်စုလမ်းမပေါ်ရှိ နမ့်မချောင်းကူး ဘေလီတံတားပေါ်၌ ယမန်နေ့၊ နေ့လည်(၁၂)နာရီခွဲ အချိန်ခန့်က ကချင်ပြည်နယ်၊ မန့်ဝိန်းကြီးဈေးမှ နမ့်ခမ်းမြို့ဘက်သို့ မောင်းနှင်လာသော ဈေးပတ်ယာဉ်သည်တံတားပေါ်အရောက်တွင် မျက်နှာချင်းဆိုင်ဘက်မှ မောင်းနှင်လာသောမော်တော်ဆိုင်ကယ်အား လမ်းရှောင်ပေးရန် ဘေးသို့ကပ်မောင်းခဲ့ရာမှ မော်တော်ယာဉ်၏ နောက်ဘီး ကျွံကျသွားပြီး တံတားခင်း သစ်သားကြမ်းများ ကျိုးကျပျက်ဆီးခဲ့သည်။
“တံတား ကျွံကျပျက်စီးသွားတဲ့အတွက် ခရီးသွားပြည်သူတွေ အချိန်(၃)နာရီခန့် ရပ်တန့်စောင့်ဆိုင်းခဲ့ရပါတယ်၊ ခရီးသွားပြည်သူများ ခရီးကြန့်ကြာမှု မဖြစ်အောင် ကျိုးကျပျက်ဆီးသွားတဲ့ တံတားခင်းသစ်သားတွေကို အစားထိုး လဲလည်ခြင်း၊ သစ်သားညှပ်များ လဲလည်တပ်ဆင်ခြင်း၊ လိုအပ်တဲ့ အသေးစားပြင်ဆင်မှုတွေကို အမြန်ပြုပြင်ဆောင်ရွက်ခဲ့ပါတယ်” ဟု နမ့်ခမ်းမြို့၊ လမ်းဦးစီးဌာနမှ အလတ်တန်းအင်ဂျင်နီယာ ဦးပန်းသီးက ပြောကြားသည်။
နမ့်မချောင်းကူး တံတားသည် နမ့်ခမ်းမြို့မှ ရွှေလီမြစ် အနောက်ဘက်ခြမ်းရှိ နမ့်ခမ်းမြို့နယ်ရှိ ကျေးရွာများနှင့် ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မန့်ဝိန်းကြီးရွာဒေသတို့အတွက် ဆက်သွယ်ရန် အဓိကအသုံးပြုရသည့် တံတားဖြစ်သည်။ တံတားအရှည် ပေ(၁၀၀`)၊ အကျယ် (၁၂`)ပေရှိသည့် ဘေလီသံဘောင် အမျိုးအစားဖြစ်ပြီး (၁၉၄၅)ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆိုင်ထွန်း(နမ့်ခမ်း ပြန်/ဆက်)