ပြင်ဦးလွင် စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့ ၊ရပ်ကွက်ကြီး ( ၅ ) ၊ ပြည်သူ့ဆေးရုံကြီးအနီးရှိ ပြင်ဦးလွင် (အခမဲ့) နာရေး ကူညီမှုအသင်းကြီးမှ ဦးဆောင်ကာ ပြည်သူများ၏ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် မရှိမဖြစ်လိုအပ်လျက်ရှိသော အောက်ဆီဂျင်စက်ရုံကို စေတနာရှင်ပြည်သူများ၏ စုပေါင်းအလှူငွေများဖြင့် တည် ဆောက်ပြီးစီး၍ အောက်ဆီဂျင်များကို လူမျိုးဘာသာ နေရာဒေသမရွေး အခမဲ့ဖြန့်ဝေပေးလျက်ရှိသည် ။
ယခုအခါတွင်ပြင်ဦးလွင်မြို့နယ်အပါအဝင် မိုးကုတ်၊ ချောင်းဦး၊ နောင်ချို၊ မုံရွာ၊ မြင်းမူ၊ ကျောက်မဲ၊ တကောင်း၊ ကြာညှပ်တိုက်နယ်ဆေးရုံနှင့်ပရဟိတလူမှုရေးအသင်းအဖွဲ့အစည်းတို့မှ လာရောက်၍ အောက်ဆီဂျင်များကို ဖြည့်သွင်းလျက်ရှိရာ ဩဂုတ် ၂၇ ရက်နေ့ မှ စက်တင်ဘာ ၅ ရက်နေ့အထိ အောက်ဆီဂျင် ( 40 ) L အိုး ( ၂၀၀၀ ) ခန့် ဖြည့်သွင်းထားပြီး ဖြစ်ပါသည် ။
ဆက်လက်ပြီး ပြင်ဦးလွင် ( အခမဲ့ ) နာရေးကူညီမှုအသင်းကြီးမှပြင်ဦးလွင်မြို့လူထုအတွက်လိုအပ်လျက်ရှိသောအောက်ဆီဂျင်ကိုတစ်နေ့လျှင် (40)Lအိုး(၁၀၀)အိုးခန့်အရန်သင့်ထားရှိပါကြောင်းနှင့်အနယ်နယ်အရပ်ရပ်မှအောက်ဆီဂျင်လာရောက်ဖြည့်သွင်းသောပရဟိတလူမှုရေးအသင်းများနှင့် အဖွဲ့အစည်းများအားလုံးကိုလည်း ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှု အသင်းကြီးမှ လိုအပ်သည်များကို ကူညီစောင့်ရှောက်ကာ အောက်ဆီဂျင်များကို အခမဲ့ ဖြည့်သွင်းပေးလျက်ရှိပါကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။