လမ်းမတော် သြဂုတ် ၁၄
လမ်းမတော်မြို့နယ် UMFCCI တွင် COVID ကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးကျဆင်းမှုများကို ကုစားသည့် အနေဖြင့် ပြည်ပ တင်သွင်းသည့် လူစီးမော်တော်ယာဉ်များအတွက် မူလတန်ဖိုး (FOB) အပေါ် ကောက်ခံလျက် ရှိသည့် ယာဉ်မှတ်ပုံတင်ခနှုန်းထားများကို ဩဂုတ်လ (၇) ရက်နေ့မှစတင်၍ လျှော့ချ ကောက်ခံသွားမည် ဖြစ်ကြောင်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) မှ ကြေညာခဲ့ရာ အဆိုပါမှတ်ပုံတင်ခလျော့ချပေးခြင်းအပေါ် မော်တော် ယာဉ်ထုတ်လုပ်တင်သွင်း ရောင်းဝယ်သူ လုပ်ငန်းရှင်များသည် ယမန်နေ့ညနေပိုင်းတွင် ကုန်သည် စက်မှု အသင်းချုပ်သို့လာရောက်၍ အစည်းအဝေးပြုလုပ်ဆွေးနွေး ခဲ့ကြသည်။
အစည်းအဝေးကို ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်းနှင့် အမှုဆောင်များ၊ မော်တော်ယာဉ် ထုတ်လုပ် ရောင်းချသူလုပ်ငန်းရှင်များ၊ တင်သွင်းရောင်းချသူ လုပ်ငန်းရှင်များနှင့် ဝယ်ရောင်း ပြုလုပ်သည့် လုပ်ငန်းများရှင်များ တက်ရောက်ခဲ့ကြပြီး မှတ်ပုံတင် ခလျှော့ချပေး သည့်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ တင်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်လုပ်ငန်းများ အပေါ်သက် ရောက်နိုင်မှု များအား ဆွေးနွေး ခဲ့ကြသည်။
ကညနမှ မော်တော်ယာဉ် မှတ်ပုံတင်ကြေး လျှော့ချရာတွင် ကောက်ခံနေသည့် အခွန်နှုန်းထားအရ အင်ဂျင်ပါဝါ ၁၃၅၀ စီစီနှင့်အောက် ကားများကို ၃၀% မှ ၁၅%၊ ၁၃၅၁ စီစီမှ ၂၀၀၀ စီစီအထိကားများကို ၅၀% မှ ၂၅%၊ ၂၀၀၁ စီစီမှ ၅၀၀၀ စီစီအထိ ကားများကို ၈၀% မှ ၄၀%၊ ၅၀၀၁ စီစီနှင့် အထက် ကားများကို ၁၂၀% မှ ၆၀% အထိ လျော့ချပေးခဲ့ခြင်းဖြစ်သည်။
COVID ကာလအတွင်းတွင် မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှု ဈေးကွက်များသည် ထက် ဝက် ခန့် ကျဆင်းနေကြောင်း သိရှိရပြီး ပြည်တွင်း၌ SKD စနစ်နှင့် CKD စနစ်တို့ဖြင့် မော်တော်ယာဉ်တပ်ဆင် ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများ ရေရှည်ရှင်သန် လုပ်ကိုင်နိုင်ရန်နှင့် ပြည်တွင်းသို့ ထပ်မံလာရောက် ရင်းနှီးမြှုပ်နှံမည့် မော်တော်ယာဉ် ထုတ်လုပ်မှုလုပ်ငန်းများအတွက် ဆောင်ရွက် ရန် လိုအပ်သည်များကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြ ကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်