တုံတာ စက်တင်ဘာ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်နှစ်နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉နာရီခန့်က တုံတာမြို့ ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် တုံတာမြို့ ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်နန်းလှအေးနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံသော ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း
နှင့် စနစ်တကျ လက်ဆေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား
ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးတွင် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင်၊ ပိုလီယိုကာကွယ်ဆေး သောက်ဆေး နှင့် ထိုးဆေး၊ ဝက်သက်၊ ဂျိုက်သိုး အစရှိသော ကာကွယ်ဆေးများ ပါဝင်ကြောင်း တုံတာမြို့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
လှိုင်လှိုင်ငြိမ်း