မူဆယ် ဩဂုတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်တွင် ဖွင့်လှစ်ထားသော IDPs(Camps) စခန်း(၆)ခု အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ လက်ဆေးဆပ်ပြာခဲများကို ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နံနက်(၁၀)နာရီ အချိန်တွင် ထောက်ပံ့ ပေးအပ်ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မူဆယ်မြို့နယ်ရုံးမှ တာဝန်ရှိသူများသည် IDPs (Camps) စခန်း(၆)ခုတွင် နေထိုင်လျက်ရှိသော စစ်ဘေးရှောင်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ လက်ဆေးနိုင်ရန် လူတစ်ဦး လျှင် ဆပ်ပြာခဲ (၂)ခဲ နှုန်းဖြင့် စုစုပေါင်း ဆပ်ပြာခဲ (၃၉၄၈)ခဲကို တစ်ဦးချင်း လက်ဝယ် အရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။
အလားတူပင် ဩဂုတ်လ(၁၂)ရက်နေ့ ညနေပိုင်းတွင်လည်း IDPs(Camps)စခန်း(၆)ခုတွင် စခန်းပတ်လည်၊ ရေအိမ်နှင့် အိပ်ဆောင်များ အတွင်း/အပြင်များ၌ ရောဂါပိုးမွှားများ ကာကွယ် နိုင်ရန်အတွက် စခန်းတစ်ခုလျှင် ထုံးအိတ်(၁၀)အိတ်နှုန်းဖြင့် စုစုပေါင်းထုံးအိတ်(၆၀) အိတ် အား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)