မန္တလေး ဩဂုတ် ၁၄
မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများအမည်စာရင်း စိစစ်ရေးလုပ်ငန်းများကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယနေ့နံနက်ပိုင်း၌ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။
ထို့သို့ဆောင်ရွက်ရာတွင် မန္တလေးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အတွင်းရေးမှူး ဦးတင်မင်းအေးနှင့် အဖွဲ့ဝင်များက မန္တလေးခရိုင်အတွင်းရှိ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၇) နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၂) နေရာနှင့် တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (၁၄) နေရာအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာတွင်ပါရှိသည့် အချက်များနှင့် လွှတ်တော်ကိုယ်စားလှယ် အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိ/မရှိတို့အား မေးမြန်းစိစစ်ခဲ့ကြောင်းသိရပြီး ဩဂုတ်လ (၁၁) ရက်တွင် (၁၃) ဦး၊ ဩဂုတ်လ (၁၂) ရက်တွင် (၃၉) ဦးနှင့် ဩဂုတ်လ (၁၃) ရက်တွင် (၄၀) ဦးတို့အား အဖွဲ့များခွဲကာ စိစစ်ဆောင်ရွက်ခဲ့ကြာင်း သိရသည်။
မန္တလေးခရိုင်အတွင်းတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၇) နေရာအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းသူ (၅၂) ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၂) နေရာအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းသူ (၁၂) ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် (၁၄) နေရာအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းသူ (၉၁) ဦးရှိပြီး အဆိုပါကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းလွှာများစိစစ်ခြင်းကို ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)