ဒဂုံမြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်း

 

ဒဂုံ စက်တင်ဘာ ၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် ယနေ့နံနက် (၉:၀၀) နာရီ အချိန်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများအား (၂၈)ရက်ပြည့်ပြီးဖြစ်သည့် အတွက် ဒုတိယအကြိမ်(Sinopharm) ကာကွယ်ဆေး ထိုးနှံပေးခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။ ဆေးထိုးနှံရာတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွာ၊ စုစုပေါင်း (၁၅၅)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာ ရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရပါသည်။ ကာကွယ်ဆေး ထိုးနှံရာနေရာသို့ ဒဂုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းကျော်သူနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူမိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ဒဂုံမြို့နယ် (ပြန်/ဆက်)