တန့်ယန်း သြဂုတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ - ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ကြေညာကပ်ထားပြီးဖြစ်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌ ဦးစံအေးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက မိုင်းကျိုင်၊ ၊ ပန်နွဲ့၊ နမ့်ဟူးလွယ်ကာကျေးရွာများသို့ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်နှင့် ကျေးရာအုပ်စု(၄၉)အုပ်စု၊ ကျေးရွာ(၆၀၁)ရွာရှိရာ အထွေထွေရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၁၅၄၉၈)ဦး ရှိကြောင်းနှင့် မဲဆန္ဒရှင်စာရင်း မှန်ကန်ပြည့်စုံစေရေး ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ကျေးရွာများရှိ ပြည်သူများအား ''မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား'' ဆိုသည့် အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)