နမ့်ခမ်းမြို့နယ်၌ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရန် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက်

မူဆယ်  ဩဂုတ် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက သစ္စာစီမံချက်ဖြင့် နိုင်ငံသားကွင်းဆင်းစီမံချက်လုပ်ငန်းကို နမ့်ခမ်းမြို့နယ်၊ မိုင်းဝီးကျေးရွာ၊ မန်းပူး ကျေးရွာနှင့် အနီးအနားရှိကျေးရွာများမှ လူဦးရေစုစုပေါင်း(၄၁၅၆)ဦးအတွက် ဩဂုတ်လ(၁၃)ရက်နေ့မှ စတင်ပြီး  နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလုပ်ငန်းများပြုလုပ် နိုင်ရန်အတွက် ကွင်းဆင်းစိစစ်မှုများ ဆောင်ရွက် လျက်ရှိသည်။

ယခုကွင်းဆင်းစိစစ်မှုတွေ ဆောင်ရွက်နေတဲ့ ကျေးရွာတွေဟာဆိုရင် သွားလာရန်အင်မတန်ခက်ခဲပြီး နမ့်ခမ်းမြို့ကနေ (၃၄)မိုင်ကွာဝေးပါတယ်၊ ဒါကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မြို့ပေါ်ကို လာရောက်ပြီး ဆောင်ရွက်မယ်ဆိုရင် သူတို့အတွက် အချိန်ကျန့်ကြာမှုတွေဖြစ်မယ်၊ ခရီးစရိတ်တွေလည်း ကုန်မှာဖြစ်တဲ့အတွက် ခုလို ကျွန်တော်တို့ ဌာနအနေနဲ့ ဝေးလံတဲ့နယ်မြေဒေသအရောက် သွာရောက်ပြီး ကွင်းဆင်း စိစစ်ဆောင်ရွက် ပေးခြင်းအားဖြင့် တစ်နေရာထဲမှာပဲ တစ်စုတစ်စည်းနဲ့ လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါတယ် ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ သစ္စာစီမံချက်ဖြင့် နိုင်ငံသားကွင်းဆင်းစီမံချက်လုပ်ငန်းကို နမ့်ခမ်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးထွန်းကျော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအေးမောင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းလွင်နှင့်တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေ ယဉ်ကျေးမှု အဖွဲ့များ နှင့် OSS အဖွဲ့ဝင်တို့ ပူးပေါင်း၍ ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်သည်။

ဆက်လက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလုပ်ငန်းများပြုလုပ်နိုင်ရန်အတွက် ကွင်းဆင်း စိစစ်မှုများ ဆောင်ရွက်သည့်အပြင် (၂၀၂၀)ပြည့်နှစ်၊ ရွေးကောက်ပွဲအတွက် မဲစာရင်းများကို နယ်မြေဒေသ အရောက် စိစစ်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန် (ပြန်/ဆက်)