ဝမ်းတွင်းမြို့နယ် ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ ကုသဆောင်အတွက် လိုအပ်လျက်ရှိသော အောက်ဆီဂျင်များအား ကြက်ခြေနီမှ ကူညီဆောင်ရွက်ပေးလျက်ရှိ

ဝမ်းတွင်း စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ကုသဆောင် တွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်များကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အနေဖြင့် ကိုဗစ်-၁၉ကူးစက်ရောဂါပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကာလများတွင် Swab ယူစစ်ဆေးမည့်ပြည်သူများ မော်တော်ယာဉ်ဖြင့် ကူညီပို့ဆောင်ပေးခြင်း၊ မြို့တွင်း ကာကွယ်ဆေးဖြန်းခြင်း၊ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ မြို့ဝင်မြို့ထွက်စစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို မြို့နယ်ကြက်ခြေနီအသင်း-ခွဲ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယခုကိုဗစ်-၁၉တတိယလှိုင်းတွင် မြို့နယ်တွင်း Swab ယူသည့်လမ်းကြောင်းများအပြင်ကိုဗစ်-၁၉ကုသ ဆောင်များရှိလူနာများ အတွက် သောက်ရေသန့်များ အလှူခံပြီးပို့ဆောင်ကူညီပေးခြင်း၊ မြို့နယ်ပြည်သူ ကုသဆောင် အတွက် လိုအပ်လျက်ရှိသော အောက်ဆီဂျင်များကိုမြစ်သားမြို့နယ်ရှိမြလှမြင့်စေတနာ ကျန်းမာရေး ဖောင်ဒေးရှင်း၊ ကူမဲမြို့ 91Group တို့ဖြင့် ချိတ်ဆက်၍ နေ့စဉ်အောက်ဆီဂျင် 40L အိုး(၁၅)လုံး ခန့်ရရှိအောင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ကို မြို့နယ်ကြက်ခြေနီအသင်းခွဲ ဘဏ္ဍာရေးမှုး ဦးရဲ ထွဋ်ခိုင်နှင့်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်တပ်ဖွဲ့မှူးယာယီ ဦးအောင်မိုးတို့ထံမှသိရသည်။

ဝမ်းတွင်းမြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့အနေဖြင့် လက်ရှိဖြစ်ပွားနေသော ကိုဗစ်၁၉ရောဂါတတိယလှိုင်းတွင် ကြက်ခြနီသူနာပြုတပ်ဖွဲ့၏ အခြေခံမူ(၇)ချက်နှင့်အညီ လူမှုဂရုဏာလုပ်ငန်းများကို မြို့နယ်စီမံချုပ်အုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ပရဟိတအအသင်းများနှင့် ပူးပေါင်း၍ ပြည်သူများအားကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရဲမျိုး(ဝမ်းတွင်း)