ကျောက်ပန်းတောင်းမြို့တွင် တစ်လကျော်ကြာပိတ်ထားခဲ့သည့် မြို့မစည်ပင်သာယာဈေးကြီးနှင့် တမ္ပဝတီဈေးသစ်ကြီးပြန်လည်ဖွင့်လှစ် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများသာရောင်းချခွင့်ပြု

ကျောက်ပန်းတောင်း စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေး အတွက် မြို့မစည်ပင်သာ ယာဈေးကြီးနှင့်တမ္ပဝတီဈေးကြီးကို၊ တစ်လကျော်ကြာ ပိတ်သိမ်းထားခဲ့ရာမှ  စက်တင်ဘာ(၄)ရက်နေ့ နံနက်(၆)နာရီမှ စတင်၍ မွန်းလွဲ(၁)နာရီ အထိ ဖွင့်လှစ် ရောင်းချ ခွင့်ပြုလိုက်ကြောင်းသိရပြီး စားသောက်ကုန်နှင့်ဆေးဝါးပစ္စည်းများသာ  ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း၊ အခြားကုန်ပစ္စည်းဆိုင်များ မပါဝင်ကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့တွင် မြို့မရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးကြီးနှင့် တမ္ပဝတီရပ်ကွက်ရှိ တမ္ပဝတီဈေးသစ်ကြီး ဟူ၍ ဈေးကြီး(၂)ဈေးရှိပြီး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မြို့မစည်ပင်သာယာဈေးကြီးကို ၂၀၂၁ ခုနှစ် ဇူလိုင်လ(၂၂)ရက်နေ့မှ စတင်ပိတ်သိမ်းထားရှိခဲ့ပြီး တမ္ပဝတီဈေးသစ်ကြီးကို ဖွင့်လှစ်ခွင့်ပြု၍ ကုန်စိမ်း ပျံကျ ဈေးသည်များကို လည်း အဆိုပါ တမ္ပဝတီဈေးသစ်ကြီးတွင် ရောင်းချရန် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်မှုဖြင့် မြို့နယ်စည်ပင်သာယအဖွဲ့မှ  ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သို့ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု  များလာသည့် ကာလများတွင် အနောက်ဈေး ခေါ် တမ္ပဝတီဈေးသစ်ကြီးကိုပါ ဖွင့်လှစ်ခွင့်မပြုတော့ပဲ ပိတ်သိမ်းထားခဲ့ပြီး၊ ကုန်စိမ်းပျံကျဈေး သည်များမှာလည်း ကားလမ်းမဘေးများနှင့် မြို့မစည်ပင်သာယာဈေးဝန်းကျင်တို့တွင် မိမိတို့အစီအစဉ် ဖြင့်သာ ရောင်းချခဲ့ကြသည်။

ယခုအခါ ကျောက်ပန်းတောင်းမြို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ၏ (၂-၉-၂၀၂၁)ရက်နေ့တွင်ပြုလုပ်သည့် အစည်းအဝေးဆုံးဖြတ် ချက်အရ၊ မြို့မဈေးကြီးနှင့် တမ္ပဝတီဈေးကြီးတို့အား (၄-၉-၂၀၂၁)ရက်နေ့မှစ၍  စားသောက်ကုန်နှင့် ဈေးဝါးအရောင်းဆိုင်များကို၊ နေ့စဉ် နံနက်(၇)နာရီမှ မွန်းလွဲ(၁)နာရီအထိ ပြန်လည်  ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရပြီး မြို့မဈေးကြီးအနီးဝန်းကျင် လမ်းမများတွင် ပျံကျဈေးသည်များ ရောင်းချ ခွင့်မပြုကြောင်းနှင့် ပျံကျဈေးသည်များအနေဖြင့် တမ္ပဝတီဈေးသစ်ကြီးရှိ သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ လွတ်လပ်စွာရောင်းချနိုင်ရန် စီစဉ်ထားရှိပေးထားကြောင်း မြို့မစည်ပင် သာယာဈေး တာဝန်ခံ ဦးအောင် ကျော်နိုင်(ဒုတိယဦးစီးမူး) ကပြောကြားသည်။

နေအောင်(ပြန်/ဆက်)