ဒလမြို့နယ်နှင့် တွံတေးမြို့နယ်တို့သို့ ဆက်သွယ်ထားသည့် ကံဘဲ့-ပျော်ဘွယ်လေး-ဒလ လမ်းပိုင်း အရှည် ၃ မိုင် ၃ ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၄

ရန်ကုန်တောင်ပိုင်းခရိုင်အတွင်းရှိ ဒလမြို့နယ်နှင့် တွံတေးမြို့နယ်တို့သို့ ဆက်သွယ်ထားသည့် ကံဘဲ့- ပျော်ဘွယ်လေး-ဒလ လမ်းပိုင်းအရှည် ၃ မိုင်၊ ၃ ဖာလုံအား  မြေသားတာဘောင်ချဲ့ခြင်းနှင့် ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှ စတင်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ ကျွန်တော်တို့ လမ်းဦးစီးဌာနက ကံဘဲ့-ပျော်ဘွယ်လေး-ဒလလမ်းပိုင်း မိုင်တိုင်အနေနဲ့ ၄/၆ မိုင် ကနေ ၆/၆ မိုင်အထိ အရှည် ၂ မိုင် ကို ၄၀ ပေ အကျယ် မြေသားတာဘောင်ချဲ့ ခြင်းလုပ်ငန်းနဲ့ ၂၄ ပေ အကျယ် ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်၊ နဒီရွှေဝါကုမ္ပဏီမှ မိုင်တိုင် ၆/၆ မှ မိုင်တိုင် ၈/၁ အထိ ၁ မိုင် ၃ ဖာလုံ ကို ဆောင်ရွက်နေတာပါ၊ ဒီလမ်းမကြီးကို အဆင့်မြှင့်တင် ဆောင်ရွက်ရတဲ့  အဓိက ရည်ရွယ်ချက်က ရန်ကုန်-ဒလ တံတားစီမံကိန်းကြီးရှိတယ်၊ တံတားကြီး ပြီးစီးသွားရင် ဒီလမ်းမကြီးက ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ကို ဆက်သွယ်မယ့် အဓိကလမ်းမကြီးဖြစ်လာမှာပါ၊  ဒီလမ်းပိုင်းက ကုန်စည်တွေနဲ့ မော်တော်ယာဉ် သွားလာမှု များပြားတဲ့အတွက် လမ်းကောင်းလာတာနဲ့အမျှ ကုန်စည်စီးဆင်းမှုတွေ ပိုမိုမြန်ဆန်လာ မှာဖြစ်ပါတယ်” ဟု လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ)  ဦးကျော်မျိုးဝင်း က ပြောသည်။

“မိုးတွင်းကာလဖြစ်တဲ့ အတွက်ရော၊ Covid Third Wave ဖြစ်ပွားတဲ့အတွက်ကြောင့် လုပ်ငန်းလုပ်ရတဲ့ အပိုင်းမှာ အချိန်နည်းနည်းကြန့်ကြာမှုတော့ ရှိပါတယ်၊ ဒီဇင်ဘာလမှာ ပြီးစီးအောင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊၊ ရရှိတဲ့ရန်ပုံငွေ အပေါ်မူတည်ပြီး ကျွန်တော်တို့ လုပ်ငန်းတွေကို ဆက်လက် ဆောင်ရွက် သွားမှာဖြစ်ပါတယ်၊ အခက်အခဲမရှိပါဘူး၊ ဒီလမ်းမကြီးက ဒလတံတားကြီးပြီးသွားရင် ဒီဒေသမှာရှိတဲ့ ပြည်သူတွေ အတွက် လူမှုစီးပွားဘဝတွေ ပိုပြီးဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်”ဟု ၎င်းကဆက်လက် ပြောပြခဲ့သည်။

အဆိုပါ ဒလမြို့နယ်နှင့် တွံတေးမြို့နယ်တို့သို့ ဆက်သွယ်ထားသည့် ကံဘဲ့-ပျော်ဘွယ်လေး-ဒလ လမ်းပိုင်းမှာ အရှည် ၉ မိုင်ရှိပြီး၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်  အရှည် ၃ မိုင် ၃ ဖာလုံအား မြေသားတာဘောင် ချဲ့ခြင်းနှင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် နဒီရွှေဝါကုမ္ပဏီတို့မှ  တာဝန်ယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နိုင်လင်းကျော်(IPRD)