ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် Book Club နှင့် Women Club အဖွဲ့ဝင်များ စာဖတ်ဝိုင်းပြုလုပ်

တံတား ဩဂုတ် ၁၄

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့  ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club နှင့် Women Club အဖွဲ့တို့ ပူးပေါင်း၍ ဆရာအောင်သင်း၏ "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ဖြင့်  စာဖတ်ဝိုင်း ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက လူထုအခြေပြုဗဟိုဌာန Community centre ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တံတားပြန်/ဆက်ဦးစီးမှူး ဒေါ်အေးအေးလွင်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလ အတွင်း‌ ခေတ္တရပ်နားထားသည့် စာဖတ်ဝိုင်းများကို ယခုအခါတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဆောင်ရွက်ခြင်းဖြစ် ကြောင်းနှင့် စာပေချစ်မြတ်နိုးသူ လူငယ်မောင်မယ်များအား အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်အိရွှေစင်က ဆရာအောင်သင်း၏ "နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ပြီး (Women Club) အဖွဲ့ဝင်‌ ဒေါ်သက်ထားက "မိဘကိုယ်စား”ကံဆိုးတိုင်းမိုးမမှောင်ပါခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မလဝန်းမေမှ "စာတတ်ဖို့ စာကျက်ဖို့" နှင့် “လူငယ်နှင့်သည်းခံမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီး ဆွေးနွေးခဲ့ကြပြီး  တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန်ဆွေးနွေး ခဲ့‌ကြကြောင်း သိရသည်။ ထို့နောက် ဗဟုသုတရရှိစေရန်အတွက် ရုံးတွင်း ခင်းကျင်းပြသထားသော လူကုန်ကူးမှုပပျောက် ရေးနံရံကပ် စာစောင်များ၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား စသည့် နံရံကပ် စာစောင်များအား  စာပေဝါသနာရှင်များက လေ့လာဖတ်ရှုခဲ့ကြောင်း သိရှိရသည်။

တင်နိုင်ဝင်း (တံတား)