အောက်ဆီဂျင်စက်ရုံပန္နက်တင်မင်္ဂလာအခမ်းအနားသံတွဲ၌ကျင်းပ

သံတွဲ      စက်တင်ဘာ  ၃

ပရဟိတ သိမ်ကုန်းဆရာတော် ဦးတေဇိန္ဒ ဦးဆောင်ပြီး စေတနာရှင် အလှူရှင်များ စုပေါင်းဆောက်လုပ်မည့် အောက်ဆီဂျင်စက်ရုံ ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉.၄၅နာရီကစက်ရုံဆောက်လုပ်မည့် သံတွဲမြို့ ဗားတောင်းတောင်ရှိ မြေနေရာတွင် ကျင်းပပြုလုပ်သည်။

အောက်ဆီဂျင်စက်ရုံ ပန္နက်တင်မင်္ဂလာအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ စက်ရုံဖြစ်မြောက်ရေးကော်မတီများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များက ပန္နက်တင် ပေးကြပြီး အမွေးနံ့သာရည်များပက်ဖြန်းပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါအောက်ဆီဂျင်စက်ရုံကို Excellent ကုမ္ပဏီက တာဝန်ယူတည်ဆောက်မည်ဖြစ်ကာ အောက်ဆီဂျင်ထုတ်စက်ကို KTK Electronic Co. Ltd မှ ဝယ်ယူသည့် တရုတ်နိုင်ငံထုတ် ရှန်ဟိုင်း စက်အမျိုးအစားဖြစ်ကြောင်းသိရသည်။ စက်တပ်ဆင်ပြီးစီးပါကတစ်နေ့လျှင် (၄၀) လီတာအိုး ၁၂၀ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ရရှိလာသောအောက်ဆီဂျင်အိုးများကို သံတွဲခရိုင်အတွင်းသာမက အခြားအောက်ဆီဂျင်လိုအပ်သော နေရာဒေသများသို့လဲ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း နှင့် စက်ရုံတည်ဆောက်မည့် ကုန်ကျစရိတ်မှာ  သိန်းပေါင်း တစ်ထောင့်ငါးရာခန့်ကုန်ကျ မည်ဖြစ်ကြောင်း စက်ရုံဖြစ်မြောက်ရေးကော်မတီ ဦးထွန်းသန့်ကျော်က ပြောကြားသည်။

ခရိုင် (ပြန်/ဆက်)