ဖယ်ခုံမြို့နယ်၌ Covid-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

ဖယ်ခုံ     စက်တင်ဘာ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ Covid-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူများကို ယနေ့နံနက် ၈ နာရီမှစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm Covid-၁၉ ရောဂါ ကာကွယ်ဆေးကို ဖယ်ခုံမြို့နယ်အတွင်း ဖယ်ခုံဆေးထိုးစုရပ်နှင့် မိုးဗြဲကျေးရွာအုပ်စုဆေးထိုးစုရပ်တို့တွင် ပထမအကြိမ် အဖြစ် ၃၅၄၁ ဦးထိုးနှံပေးနိုင်ခဲ့ပြီး မိုးဗြဲကျေးရွာအုပ်စု၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများကို သြဂုတ်လကုန်ပိုင်းက မိုးဗြဲတိုက်နယ် ဆေးရုံ၌ ၁၆၇၁ ဦးဆောင်ရွက်ပေး နိုင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

ဖယ်ခုံမြို့ဆေးထိုးစုရပ်တွင် ဆေးထိုးအုပ်စုများဖြစ်သော အသက် ၆၅ နှစ်အထက် ဘိုးဘွားများ၊ ဘုန်းတော်ကြီးကျောင်း/ သီလရှင်ကျောင်း/ ဘာသာရေးကျောင်းများရှိ ပုဂ္ဂိုလ်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ ပရဟိတအဖွဲ့များ၊ နိုင်ငံ့၀န်ထမ်းများ၊ ပုဂ္ဂလိက ၀န်ထမ်းများ၊ ဈေးသည်များ၊ အချုပ်သားများ၊ ယာဉ်မောင်း/ ယာဉ်နောက်လိုက်များနှင့် ပြည်သူလူထုများ  ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံပြီးသူ ၁၈၇၁ ဦးအား ယနေ့ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကာကွယ်ဆေးထိုး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် Covid-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှကြီးကြပ်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ သူနာပြုအဖွဲ့များမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့်ဖယ်ခုံမြို့နယ် တွင် ယနေ့အထိ စုစုပေါင်း Covid-၁၉ (Positive) လူနာ ၂၁၀ ဦး ရှိပြီဖြစ်ကြောင်းနှင့် သေဆုံးသူ ငါးဦးရှိကြောင်း၊ ရောဂါပိုးကင်းစင်လာသူ ၁၆၆ ဦးရှိပြီးဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရှိရသည်။

 

မြို့နယ်( ပြန်/ဆက်)