ဆိပ်ကြီးခနောင်တို ဩဂုတ် ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ဩဂုတ် ၁၂ ရက်က ဒီရေတက်ချိန် ရေတိုက်စားခြင်းကြောင့် ပြိုကျ ပျက်စီး ခဲ့သည့် ဆိပ်ကြီးအရှေ့ရပ်ကွက်၊ “ရွှေရန်ကုန်” စက်တပ်ရေယာဉ်ဂိတ်အနီးရှိ ကမ်းထိန်းနံရံနှင့် မြေသားများ အမြန်ဆုံး ပြန်လည် ပြုပြင်နိုင်ရန်နှင့် နောက်ထပ်ပြိုကျမှုမဖြစ်စေရေးအတွက် သဲခင်းဖို့ကာရံခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များမှ လုပ်အားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းမှကြီးကြပ်၍ မြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဝင်းသန်းဦးဆောင်၍ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပါဝင်သည့် အင်အား ၃၀ ခန့်က အဆိုပါ ကမ်းထိန်း နံရံနှင့် မြေသားပြိုကျခဲ့သည့်နေရာနှင့် အနီး တစ်ဝိုက်တွင် နောက်ထပ် မြေပြိုကျမှု မဖြစ်ပေါ်စေရေးအတွက် သဲခင်းဖို့ကာရံခြင်းကို စုပေါင်း ဆောင်ရွက်ပေးလျက်ရှိပြီး ကမ်းထိန်းနံရံ အသစ်ပြန်လည် တည်ဆောက်မှုအား ရေတက်ကာလကျော်လွန်သွားပါက အမြန်ဆုံး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ဝေယံ(ဆိပ်ကြီးခနောင်တို)