ကျောက်တန်းမြို့ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက်ရုံဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

ကျောက်တန်း   စက်တင်ဘာလ   ၃

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့ မြို့နယ်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်စက်ရုံ ဖွင့်လှစ်ခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈:၃၀ နာရီက အဆိုပါအဆောက်အဦးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အလှူရှင်မိသားစုဝင်များကိုယ်စား အလှူရှင်ဦးအေးဟန်က အောက်ဆီဂျင်စက်ရုံ လှူဒါန်း ရခြင်းအကြောင်းအားရှင်းလင်းပြောကြားပြီးကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးဘုန်းခန့်အောင်က မုဒိတာစကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်တန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ပြေက အောက်ဆီဂျင်၏ အရေးပါပုံနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားပြီး မြို့မိမြို့ဖ ဦးချန်စိန်က ဂုဏ်ပြုဝမ်းမြောက်စကားနှင့် မြို့နယ်ပရဟိတအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံနှင့်ပတ်သက်သည့် စာရွတ်စာတမ်းများလွှဲပြောင်း ပေးအပ်ရာ   ကျောက်တန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်နှင့်  မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်ပြေတို့က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရအလံများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍တာဝန်ရှိသူများက အောက်ဆီဂျင်စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စက်ရုံအတွင်းလှည့်လည် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်ရုံမှာ Generator 30 Nm3  စက်အမျိုးအစားဖြစ်ပြီး စတင်လည်ပတ်သည့် ဩဂုတ်လ ၂၀ ရက်နေ့မှ ယခုလ ၁ ရက်နေ့အထိ လည်ပတ်ချိန် နာရီ ၂၃၀ တွင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးပေါင်း ၁၀၅၉ လုံး ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် လူဒါန်းမှုစုစုပေါင်းမှာ ကျပ်သိန်းပေါင်း တစ်ထောင့်ကိုးရာ  ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)