နမ့်စန်တွင်  ၁၀ ဘီးယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိအဆောက်အဦအား ဝင်တိုက်မှု ဖြစ်ပွား

နမ့်စန်(တ)  စက်တင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် အမှတ် (၄)ရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ၁၀ ဘီးယာဉ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ လမ်းမပေါ်မှတဆင့် လမ်းဘေးအဆောက်အဦးအား ဝင်ရောက်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ နမ့်စန်မြို့ အမှတ်(၃)ရပ်ကွက်နေ ယာဉ်မောင်း ဦးနန်းဝင်း မောင်းနှင်လာသော အပြာရောင် (NISSAN)အမျိုးအစား ၁၀ ဘီးယာဉ်သည် အမှတ်(၄)ရပ်ကွက်ဘက်မှ မြို့အတွင်း မောင်းနှင်လာစဉ် အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့နားအရောက်တွင် ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းတွင်ရှိသော အုတ်ခုံများကို ဝင်တိုက်မိကာ လမ်းဘေးရှိ သွပ်မိုး၊ အုတ်ကာ၊ တစ်ထပ် ဆိုင်ခန်းအား ဆက်လက်တိုက်မိခဲ့ကြောင်းသိရသည်။

ဆက်လက်၍ အဆောက်အဦးနှင့်တိုက်မိ၍ ယာဉ်ရှေ့ခန်းတွင်း ညှပ်ပိတ်မိနေသော ယာဉ်မောင်း ဦးနန်းဝင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများကပူးပေါင်း၍ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး နေ့လည် ၁၁ နာရီခန့်တွင် ဖူးယောင်၊ ပွန်းပဲ့ ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိ‌နေသည့် ယာဉ်မောင်းဦးနန်းဝင်းအား  ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဆိုင်ရှင်များနှင့်အခြားသူများ ထိခိုက်မှုတစုံတရာ မရှိကြောင်းနှင့် ယာဉ်ကိုမဆင်မခြင်အရှိန်ပြင်းပေါ့လျော့စွာမောင်းနှင်သူ ယာဉ်မောင်း ဦးနန်းဝင်း (၃၂ နှစ်)အား ၂၀၂၀ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉၁(က)အရ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့က တရားရုံးသို့ ဦးတိုက်လျှောက်ထား အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)