ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ကမ္ဘောဇဘဏ် ဓါးပြတိုက်ခံရမှု ဖြစ်ပွား

ကျောက်မဲ စက်တင်ဘာ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၂ ရပ်ကွက်၊ ပင်လုံလမ်းနှင့်အောင်ဆန်းလမ်းကြား၊ သီရိမင်္ဂလာလမ်း (ဗဟိုဈေးကြီးတောင်ဘက်)ရှိ ကမ္ဘောဇဘဏ်အား ယနေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ဓါးပြတိုက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ဘဏ်ဝန်ထမ်း အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၅ ဦးတို့ ဘဏ်လုပ်ငန်းများဆောင်ရွက်နေစဉ် Wish အမျိုးအစား မော်တော်ယာဉ်အဖြူ စီးနင်းလာသော အမျိုးသား ၃ ဦးသည် သေနတ်အတိုတစ်လက်ကိုင်ဆောင်၍ ဘဏ်ထဲသို့ဝင်ရောက်လာပြီး ဓါးပြ တိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဓါးပြတိုက်မှုဖြစ်စဉ်တွင် ငွေကျပ် သိန်းတစ်ထောင်ကျော်ခန့် ပါရှိသွားကြောင်း ဘဏ်ဝန်ထမ်း တစ်ဦး၏ ပြောကြားချက်အရသိရသည်။

ဓါးပြတိုက်သူများသည် ကားဖြင့် ထွက်ပြေးလွတ်မြောက်လျက်ရှိပြီး ၎င်းတို့အား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းထွန်း