မင်္ဂလာဒုံမြို့နယ်တွင် ပထမအကြိမ် စက်ရုံအလုပ်သမား (၃၁၄၇၄)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး

မင်္ဂလာဒုံ စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စက်ရုံအလုပ်သမားများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့အထိ စက်ရုံအလုပ်သမား (၃၁၄၇၄)ဦးကို ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

စက်ရုံအလုပ်သမားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ထိုးနှံပေးရာတွင်  ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို စက်ရုံ၊ အလုပ်ရုံများရှိ သတ်မှတ်နေရာများတွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာအလုပ်ရုံ၊ စက်ရုံများ၏ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်းများ ဆောင်ရွက်ကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်သည်။ ကာကွယ်ဆေး မထိုးနှံရသေးသူ အလုပ်သမားများကိုလည်း ကာကွယ်ဆေးရရှိမှုပေါ် မူတည်၍ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။