သာကေတမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်

သာကေတ စက်တင်ဘာ ၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်ရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်း နှင့်ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံး၌ မြို့နယ်ဦးစီးမှူး ဦးသန်းဦး ကြီးကြပ်မှုဖြင့် ၃/ရန်ပြေ ရပ်ကွက်ရှိ ပြည်သူ များအားဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ပန်းခင်းစီမံချက်အား 'လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုကိုင်ကြစို့' ဆောင်ပုဒ်နှင့်အညီ လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးစာရင်းမရှိသူ၊ ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းစသည့် နည်းလမ်းများဖြင့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသား အရည်အချင်းပြည့်မီသူတိုင်းအား ဆောင်ရွက်ပေးခဲ့ရာ သာကေတမြို့နယ် (၁၉)ရပ်ကွက်ရှိသည့် အနက် (၁၅)ရပ်ကွက်အား ဆောင်ရွက်ပြီးစီးခဲ့၍ လူဦးရေ(၄၉၂)ဦးအား ဆောင်ရွက်နိုင်ခဲ့ပြီး အောက်တိုဘာလတွင် မြေပြင်သို့ကွင်းဆင်း၍ လျာထားလူဦးစာရင်း၊ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် စာရင်းနှင့်ကျန်ရှိသော လူဦးရေစာရင်း ကိုက်ညီမှု ရှိ၊ မရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အား ဦးစီးဌာန ဦးစီးမှူး ဦးသန်းဦးထံမှ သိရှိရသည်။