သန်လျင် သြဂုတ် ၁၄
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သူဌေးကွင်း-ပုဂံတောင်-ဖားကူး-မောင်းမ လမ်းဖောက် လုပ်ရာတွင်ပါဝင် သွားသော လယ်ယာမြေ များ အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန-ခရိုင်လမ်းဦးစီးဌာနမှ လျော်ကြေးငွေပေးအပ်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီတွင် သန်လျင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစီအစဉ်အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရဲမြင့်စိုး၊ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြ သော ဦးနေလင်းအောင်နှင့် ဦးအောင်နိုင်ထွန်း၊ သန်လျင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမြို့နယ် အုပ်ချုရေးမှူး ဦးအောင်ကိုထွန်း တို့က ဒေသခံတောင်သူများ၏လယ်ယာ မြေလျော်ကြေး ငွေများရရှိနိုင်ရေးအတွက် မြေစစ်ကော်မတီ စိစစ် ဆောင်ရွက် ပေးခဲ့ကြောင်း၊ ရရှိသည့် လျော်ကြေး ငွေများကိုလည်း မိမိမိသားစုအတွက် အကျိုးရှိသည့်ကိစ္စများတွင်သုံးစွဲ ကြရန် ဖြစ်ကြောင်း တောင်သူများ ဝမ်းမြောက် သလိုဆောင်ရွက်ပေးခဲ့ကြသည့်အဖွဲ့အစည်းအားလုံးကို ကျေးဇူးတင်ရှိပါကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် သန်လျင်မြို့နယ် သူဌေးကွင်း-ပုဂံတောင်-ဖားလူး-မောင်းမလမ်း ဖောက်လုပ်ရာတွင် ပါဝင်သွားသော လယ်ယာမြေဧက(၃၃.၁၅) အတွက် တစ်ဧကလျင် ကျပ်သိန်း(၅၀)နှုန်းဖြင့်လျော်ကြေးငွေများကို လွှတ်တော် ကိုယ်စားလှယ်များမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ကြသည်။ အဆိုပါလျော်ကြေးငွေများကို ရန်ကုန်တောင်ပိုင်းခရိုင်-လမ်းဦးစီးဌာန၏ (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေး နှစ် ရန်ပုံငွေမှ ကျပ် (၁၆၅.၇၅၀)သန်း ပေးအပ်ခဲ့ကြောင်းသိရသည်။
သန်းဝင်း(သန်လျင်)