ချောင်းဆုံ စက်တင်ဘာ ၁
မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိကိုဗစ်−၁၉ ရောဂါ ကုသရေးစင်တာများ၊ ဆေးရုံများ နှင့်ပြည်သူများလိုအပ်သည့်အောက်ဆီဂျင်အလျှင်အမြန် အသုံးပြုနိုင်ရေးအတွက် ယမန်နေ့ကရောက်ရှိလာသည့် အောက်ဆီဂျင်ထုတ်စက်ပစ္စည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံဝင်းရှိ အောက်ဆီဂျင်စက်ရုံတွင် စတင်တပ်ဆင် နေပြီးဖြစ်ကြောင်း သိရသည်။
ဆေးရုံတွေမှာ သုံးတဲ့ (NZO -60) အောက်ဆီဂျင် ထုတ်စက် အမျိုးအစားဖြစ်ပြီး စက်ပစ္စည်း များကို (၂)ရက်အတွင်းတပ်ဆင်ပြီး လျှပ်စစ်မီသွယ်တန်းပြီးတာနဲ့ စထုတ်နိုင်မည်ဖြစ်ကြောင်း ၊ (၁) နာရီအတွင်းအောက်ဆီဂျင် (၄၀) လီတာအိုး (၁၀)လုံးမှ (၁၂) လုံးအထိရရှိနိုင်ပြီး (၆)နာရီ ဆက်တိုက် လည်ပတ်၍ (၁)နာရီခန့် ရပ်နားပေးပါက ရေရှည်အသုံးပြုနိုင်မည် ဖြစ်ကြောင်း အောက်ဆီဂျင် စက်တပ်ဆင်ပေးသူတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
မြို့နယ်အတွင်း လိုအပ်သော အောက်ဆီဂျင်ရရှိရေးအတွက် ဆရာတော် သံဃာတော်များ၏ သြဝါဒကို ခံယူကာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးအောင်ကြည်သိန်း မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက အောက်ဆီဂျင် ထုတ်စက်ရုံ တည်ဆောက် အသုံးပြုနိုင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)