ညောင်ဦး ဩဂုတ် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အနောက်ဖွားစော ကျေးရွာ၏ အနောက်မြောက်ဘက်၊ ဆုတောင်ပြည့်အုတ်ကျောင်း မြောက်ဘက်ရှိ ဘုရားအမှတ်(၈၀၁)သံပျင်စွာဘုရားသည် ယနေ့နံနက် (၄)နာရီ အချိန်ခန့်က ဘုရား၏ တောင်ဘက်ခြမ်းတိုက်မနံရံ ပြိုကျပျက်စီးခဲ့ကြောင်း ညောင်ဦးခရိုင် စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးလွင်ထံက သိရသည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း ယနေ့၊ နံနက် (၂)နာရီ အချိန်မှ နံနက် (၅)နာရီ အချိန်ခန့်ထိ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် ဘုရားအမှတ်(၈၀၁)သံပျင်စွာ ဘုရား၏ တောင်ဘက်ခြမ်းတိုက်မနံရံမှ အလျား ၁၇ ပေ၊ အနံ ၁၄ ပေ၊ ထု ၃ ပေခန့်အုတ်များ ထွက်၍ ပြိုကျပျက်စီးခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောကြားသည်။ အဆိုပါ ဘုရားအမှတ်(၈၀၁) သံပျင်စွာဘုရားသည် ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာဒေသတွင် တည်ရှိပြီး အရွယ်အစား (အလျား ၁၀၀ ပေ၊ အနံ ၆၀ ပေ၊ အမြင့် ၄၅ ပေ)ခန့်ရှိသည့် လိုဏ်ဘုရားတစ်ဆူဖြစ်ပြီး နံရံဆေးရေးပန်းချီများမရှိပဲ ၂၀၀၄ ခုနှစ်တွင် မူလကျန်ရှိသည့် ရှေးဟောင်းအဆောက် အဦကိုငုံ၍ အင်္ဂါစုံပြုပြင်ထားသည့် ဘုရားတစ်ဆူဖြစ်ကြောင်းသိရပြီး၊ ကိုရီးယားနိုင်ငံ YOE LAY BUDDHIST, SECT SUK IN WANG ကပြန်လည်ပြုပြင် လှူဒါန်းထားသည့်ဘုရား ဖြစ်ကာ (၂၄.၈.၂၀၁၆) ရက်နေ့က လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကွမ်းတောင်ပိုင်းကို အလေးဝန်လျှော့ချ ထိန်းသိမ်းထားရာမှ တိုက်မအတွင်းနံရံမှ မူလအုတ်များသည် နှစ်ကာလကြာမြင့်ပြီဖြစ်၍ အုတ်များတွဲဆက်ခိုင်မာမှုအားနည်းခြင်း ကြောင့်လည်းကောင်း၊ ယနေ့ နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး မိုးရေများစိမ့်ဝင်ခြင်းကြောင့် အုတ်များပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သံပျင်စွာဘုရားတိုက်မတောင်ဘက်နံရံပြိုကျရာသို့ ညောင်ဦးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်မှုဥက္ကဋ္ဌ ဦးတိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်မှုဥက္ကဋ္ဌ ဦးနန်းတင့်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ ဒေါက်တာသန်းထိုက်(ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုထိန်၊ KPD