တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိ

တိုက်ကြီး ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် အတွင်းရှိ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ တိုက်ကြီးမြို့မ (အ.ထ.က) ကျောင်း၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ဩဂုတ်လ ၁ ရက်နေ့တွင် ပထမအကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံထားသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ယမန်နေ့က ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထပ်မံထိုးနှံ ပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံသည့် သက်ကြီးရွယ်အိုများ သွားလာရေး အဆင်ပြေစေရေး၊ ဆေးမထိုးမီနှင့် ထိုးပြီးချိန် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဉီးအောင်ကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေး လာရောက်ထိုးနှံသူများနှင့် ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းဆောင်ရွက်ပေး နေသူများ၏ လုံခြုံရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များက ဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ပြီး ဩဂုတ်လ ၂ ရက်နေ့တွင် ပထမအကြိမ်အဖြစ် ဆေးထိုးနှံထားသည့် အသက်(၆၅)နှစ် နှင့်အထက် သက်ကြီးရွယ်အိုများအား (၄.၉.၂၀၂၁)ရက်နေ့တွင် နံနက် ၉ နာရီတိတိ အချိန်၌ တိုက်ကြီးမြို့မ(အ.ထ.က )ကျောင်းတွင် ဒုတိယအကြိမ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအောင်ကျော်စိုး ထံမှ သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)