မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချူပ်ကာကွယ်ရေး သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်မှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

မိုင်းလုံ သြဂုတ် ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးအေးမင်းထွန်း၊ မြို့နယ်ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ ဒေါ်နန်းမြဟန်နှင့် တာဝန်ရှိသူများက ယမန်နေ့ ၁၁ နာရီက  သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် ကာလအတွင်း ဘေးကင်းလုံခြုံစွာ ပညာ သင်ကြားနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော သတ်မှတ် စည်းကမ်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားခြင်းများ ရှိ/မရှိ စစ်ဆေးခြင်း၊ ကျောင်းဖွင့်လှစ်ခွင့် ပြုထားသည့် သတ်မှတ်စည်းကမ်းချက်များပါအတိုင်း လိုက်နာဆောင်ရွက်ထားရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျောင်းဝန်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးများ စစ်ဆေးခြင်း၊ မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးကာ  ပညာ သင်ကြားနေမှု အခြေအနေများနှင့်  လိုက်နာဆောင်ရွက်ရာတွေ့ကြုံရသည့် အခက်အခဲများကို ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ မေးမြန်းခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန် /ဆက်)