မအီ ဩဂုတ် ၃၁
ရခိုင်ပြည်နယ် သံတွဲခရိုင် မအီမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို သိရှိလိုက်နာနိုင်ရန်အတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများထံ အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပေးနိူးဆော်ရာတွင် ပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို “ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ မိမိကစ၍ ကာကွယ်ပါ” ဆောင်ပုဒ် အတိုင်း အားလုံးကိုယ်စီ မဖြစ်မနေ လိုက်နာဆောင်ရွက် ကြပါရန် အတွက် “အိမ်အပြင်ထွက်ခွာလျှင် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ ဆက်ဆံရပါက မျက်နှာအကာ(Face Shield)ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင် လုပ်ကိုင်ပါ၊ လူစု လူဝေးရှောင်ပါ၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အလုံပိတ်အခန်းများ၊ အဲယားကွန်းအခန်းများ လေဝင်/လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ် ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ၊ ဆီးချို/ သွေးတိုး/နှလုံး စသည့် နာတာရှည်ရောဂါအခံရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ် ပါ၊ အသွားအလာ တားမြစ် ပိတ်ပင်၍ သီးသန့်ခွဲခြားနေထိုင်စေခြင်း (Quarantine) လုပ်ငန်းစဉ်များတွင် အပြည့်အဝ ပူးပေါင်းပါဝင်ပါ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ပါနှင့်၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်းအသိပေး၊ သတိပေးပါ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက် လိုက်နာ ပါ၊ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်း လမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ပါ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယလက္ခဏာများ ပေါ်ပေါက် လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ဆက်သွယ်၍ချက်ချင်း သတင်းပို့ပါ၊ ကျန်းမာရေး စစ်ဆေးမှုကို ကြည်ဖြူစွာ ခံယူပါ” စသည်ဖြင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြည်သူများသို့ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် ယမန်နေ့ ညပိုင်းက မအီမြို့အတွင်း ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာများ ဆက်တိုက်ထပ်မံ စစ်ဆေး တွေ့ရှိသဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးဆိုင်ရာ သတ်မှတ် စည်းကမ်းများ၊ သက်ဆိုင်ရာဌာနမှ ထုတ်ပြန်သည့် အမိန့်များ၊ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာကြရန်နှင့် လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း မအီမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားရှိကြောင်း သိရသည်။
မအီ(ပြန်/ဆက်)