ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ပြည်သူ ၂၇၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ဒုတိယအကြိမ်(တတိယနေ့) ဆက်လက်ထိုးနှံပေး

ဆိပ်ကြီးခနောင်တို ဩဂုတ် ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့်သေဆုံးမှုကို လျော့ချရန်၊ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန် စသည့်ရည်ရွယ်ချက်ဖြင့်  မြို့နယ်အတွင်း ဦးစားပေးအုပ်စု အလိုက် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ဝင်များအား ယနေ့နံနက် ၉ နာရီမှစ၍ အခြေခံပညာ အထက်တန်းကျောင်း (အ.ထ.က-ခနောင်တို) ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကို ဒုတိယအကြိမ် (တတိယနေ့)အဖြစ် ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်ရပ်ကွက်များအလိုက် သတ်မှတ် ဦးစားပေးအုပ်စုတွင် ပါဝင်သည့် အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ၊ မြို့နယ်အတွင်း လက်ရှိတာဝန် ထမ်းဆောင်လျက် ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အားတက်သရော ပါဝင်ကူညီဆောင်ရွက်နေသည့် စေတနာ့ဝန်ထမ်း   Volunteer အဖွဲ့ဝင်များကို ဒုတိယအကြိမ်အဖြစ် ဩဂုတ် ၂၉ ရက် နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက် ရှိပြီး၊ ယနေ့တွင် အဆိုပါ ဦးစားပေး အုပ်စုများထဲမှ မြို့နယ်နေ ပြည်သူ(၂၇၅)ဦးအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသီတာတင်ဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျကာကွယ် ဆေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးနှံ‌ရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဌ ဦးမြင့်လှိုင်နှင့်အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဝင် ဌာန ဆိုင်ရာတာဝန် ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့ အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး၊ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို စက်တင်ဘာ(၂ )ရက်နေ့ အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့မှ စပြီး ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများစတင်တွေ့ရှိခဲရာ ယနေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ(၂၉၄)ဦးရှိကာ ၎င်းတို့အနက် ပြန်လည်ကျန်းမာ၍ ဆေးရုံဆင်းခွင့်ရရှိသူ (၂၁၀) ဦးနှင့် သေဆုံးသူ (၇၉)ဦးရှိပြီး၊ လက်ရှိ အချိန်တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများထဲမှ  ဆေးကုသမှုခံယူ နေသူ(၅)ဦးသာကျန်ရှိကာ ၎င်းတို့အနက် (၂)ဦးကို အင်းစိန်ပြည်သူ့ဆေးရုံသို့လွှဲပြောင်း ကုသပေးလျက်ရှိပြီး၊ ကျန်(၃)ဦးကို မြို့နယ် ကုသရေး စင်တာ(၃)ခုတွင် ထားရှိကြပ်မတ် ကုသပေးလျက်ရှိကြောင်းနှင့် ရောဂါကာကွယ်   ထိန်းချုပ်ရေး လုပ်ငန်းများကိုလည်းအရှိန်အဟုန်မပြတ်ဆက်လက်  လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှသိရသည်။

ဝေယံ(IPRD)